သုံးခွ ၁၉ နိုဝင်ဘာ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား ၂၀၁၉ ခုနှစ် ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် ယနေ့ နံနက် ၁၁ နာရီက မိကျောင်းကန်ကျေးရွာမှ တောင်သူ ၂၉၆ ဦးအား တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ၁၈၉၂ ဧကအတွက် ငွေကျပ် ၁၈၉၂ သိန်းကို ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ငွေမထုတ်ချေးမီ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးအုန်းဟန်က ငွေချေး ရာတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းချက်များကို တောင်သူများအား ရှင်းလင်း ပြောကြားသည်။
သုံးခွမြို့နယ်၌ ၂၀၁၉ ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ တောင်သူပေါင်း ၁၆၅၆၇ ဦး၏ ဧက ၁၁၅၁၉၇ အတွက် ချေးငွေကျပ် ၁၁၅၁၉၇ သိန်း ထုတ်ချေးရန် လျာထားကြောင်း မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ကိုကျော်(သုံးခွ)


