မုံရွာ ၁၉  နိုဝင်ဘာ

 

သီးနှံစိုက်ပျိုးရေး လုပ်ငန်းများတွင် ဓာတုပိုးသတ်ဆေးနှင့်ဓာတုမြေသြဇာများအသုံးချမှု လျော့ချနိုင်ရေး အတွက် အကျိုးပြုအဏုဇီဝကပ်ပါးမှို ထရိုင်ခိုဒါးမား(Trichoderma)ကို အသုံးပြု သင့်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာန (နေပြည်တော်)မှ သုတေသနအရာရှိ ဒေါ်မြင့်ရီ၏ ပြောကြားချက်အရ သိရသည်။

 

ထရိုင်ခိုဒါးမားကပ်ပါးမှိုသည် အကျိုးပြုအဏုဇီဝကပ်ပါးမှိုတစ်မျိုးဖြစ်ပြီး ကွန်ပေါင်းနှင့်အမ်ဇိုင်း အမျိုးမျိုး ထုတ်လုပ်လျက် မြေကြီးနှင့် အပင်အဖြစ်ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ အဆွေးစား နေထိုင်နိုင်ခြင်း၊ သီးနှံရောဂါ ဖြစ်မှုများအား ဟန့်တားနိုင်သည့်ကွန်ပေါင်းများထုတ်ခြင်း၊ သီးနှံ ရောဂါမှိုအား ကပ်ပါးပြုနိုင်ခြင်း၊ သီးနှံရောဂါဖြစ်မှိုနှင့် အပြိုင် ရေ၊နေရာ၊ အာဟာရ အားရယူနိုင်ခြင်း စသည်အကျိုးကျေးဇူး များကို ရရှိစေသည်။

 

 “အပင်တွေရဲ့ မြေဆောင်ရောဂါတွေကို ကာကွယ်နှိမ်နှင်းတဲ့နေရာမှာသုံးတယ်၊ နောက်ပြီး အပင်တွေရဲ့ ကြီးထွားမှုကို အားပေးတဲ့ နေရာတွေမှာလည်းသုံးတယ်၊ နောက်တစ်ခု အပင်အဟောင်း တွေကို ဆွေးမြည့်စေတဲ့ သတ္တိရှိတာကြောင့် သဘာဝမြေဆွေး လုပ်တဲ့နေရာမှာလည်း သုံးတယ်၊ အပင်တွေမှာကျရောက်တဲ့ အန္တရာယ်ပြု မှိုတွေကိုပိုပြီး တိုက်ခိုက်တယ်၊ မှိုတွေမှာ အပင်တွေလိုပဲ ထိုးဖောက်တဲ့ အင်္ဂါလေးရှိတယ်၊ အဲဒီအင်္ဂါနဲ့ အခြားမှိုတွေ ကိုထိုးဖောက်လိုက်ပြီး တစ်ခြားမှိုထဲမှာရှိနေတဲ့ အစာရေစာတွေကိုစုပ်ယူလိုက်တယ်၊ အခြားမှိုတွေကို ပတ်လိုက် တယ်၊ နောက်တစ်ခုက အင်ဇိုင်းတွေထုတ်တယ်၊ အဲဒိလိုအင်ဇိုင်းတွေ ထုတ်လိုက်တဲ့အတွက် အခြားမှိုတွေမှာ ရှင်သန်တဲ့ဆဲလ်တွေ ပျက်စီးသွားတယ်၊ ယှဉ်ပြိုင်နိုင် စွမ်းအားမြင့်လို့ အခြားမှိုတွေကို လွှမ်းပြီး အုပ်သွားနိုင်တဲ့ သတ္တိရှိတယ်၊ သူကထုတ်တဲ့ အင်ဇိုင်းတွေကြောင့် အခြားမှိုတွေကိုဟန့်တားနိုင်တယ်၊ သူက ထုတ်တဲ့ တစ်ချို့သော အင်ဇိုင်း တွေက အပင်တွေကိုကြီးထွားစေတာကြောင့် အပင်တွေမှာခံနိုင်ရည်အားကို တိုးစေတယ်၊ ထရိုင်ခိုဒါးမား သုံးထားတဲ့အပင်တွေမှာ ရောဂါဒဏ်ကို ခံနိုင်ရည်ရှိတာတွေ ကာကွယ်နှိမ်နှင်း နိုင်တဲ့အစွမ်း သတ္တိတွေ ရှိတယ်”” ဟု စိုက်ပျိုးရေး သုတေသနဦးစီးဌာန (နေပြည်တော်)မှ သုတေသန အရာရှိ ဒေါ်မြင့်ရီက ပြောသည်။

 

အကျိုးပြု အဏုဇီဝကပ်ပါးမှိုဖြစ်သော ထရိုင်ခိုဒါးမား ကို ၁၉၉၂ ခုနှစ်မှ စတင်ပြီး ပျဉ်းမနား ရေဆင်းဒေသ စိုက်ပျိုးမြေများမှ ထုတ်ယူသုတေသန လုပ်ဆောင်ခဲ့ခြင်းကြောင့် ယခုအခါတွင် ရောဂါနှိမ်နှင်းရေးနှင့် သဘာဝမြေဆွေးထုတ်လုပ်မှု များတွင် (၉၀) ရာခိုင်နှုန်းကျော် အောင်မြင်နေကြောင်း သိရသည်။   

 

ဝင်းဦး(ဇေယျာတိုင်း)