မိတ္ထီလာ ၁၉ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် သီးတက္ကန်(မြောက်)ကျေးရွာရှိ ငရုတ်စိုက်တောင်သူများ ငရုတ်သီး အထွက်နှုန်း နည်းသော်လည်း ဈေးကောင်း၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျေးရွာ၏ စီးပွားရေးလုပ်ငန်းဖြစ်သော စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ကျေးရွာ အတွင်း အိမ်ခြေ (၈၂)အိမ်ရှိရာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသည့် တောင်သူများမှာ နှမ်း၊ ဝါ၊ နေကြာ၊ ပဲအမျိုးမျိုးနှင့်အတူ ငရုတ်များကိုလည်း စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ ငရုတ်များ စိုက်ပျိုးရာတွင် မိုးထောင်ငရုတ်သီးများကို စိုက်ပျိုးကြပြီး ငရုတ်စိုက်ပျိုးသည့် နယုန်လတွင် ငရုတ်ပျိုးပင်များကို သာစည် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ဝယ်ယူ၍ စိုက်ပျိုးခြင်း ဖြစ်သည်။ ၎င်းငရုတ်ပင်များ စတင် စိုက်ပျိုးသည့်အချိန်မှ ၁၅ ရက်ကျော်လျှင် အပင်ကြီးထွားဆေး၊ ပိုးမွှားရောဂါ ကာကွယ်ဆေးများ၊ သီးပွင့် ဆေးများကို ငရုတ်အပင်များပေါ်မူတည်၍ ဖျန်းပေး ရသည်။ ငရုတ်သီးပေါ်ချိန်ဖြစ်သည့် သီတင်းကျွတ်လ တွင် ငရုတ်သီးများကို ငရုတ်စိုက်ဧက တစ်ဧကတွင် ငရုတ်ခူးဆွတ်သူ (၅)ဦးမှ (၇)ဦးအထိ ခူးဆွတ်ပြီး ငရုတ်သီးများ ခူးဆွတ်ပြီးစီးပါက ငရုတ်သီးခြောက်များရရှိစေရန် ရေနွေးဖျော နေလှန်၍ အခြောက်ခံထားပေးရသည်။
အဆိုပါ မိုးထောင်ငရုတ်သီးသည် မြေအမျိုးအစားပေါ်မူတည်၍ ယခင်နှစ်က ငရုတ်သီးစိုက်ဧက တစ်ဧကလျင် ပိဿာ (၂၀ဝ)ကျော်(၃၀ဝ)နီးပါး ထွက်ရှိရာ ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသည့် အတွက် တစ်ဧက ပိဿာ(၁၀ဝ)ကျော်သာထွက်ရှိသည်။ ထိုသို့ တစ်ဧက ငရုတ်သီးပိဿာ (၁၀ဝ)ကျော်ထွက်ရှိသော်လည်း ငရုတ်သီးခြောက် တစ်ပိဿာငွေကျပ် (၅၀ဝ၀)နှုန်းဖြင့် ရောင်းချရသည့် အတွက် စိုက်ပျိုးစရိတ်များအပြင် ငွေပိုငွေလျှံများရရှိ၍ ယခုနှစ် ငရုတ်စိုက်ပျိုး ရသည်မှာ အဆင်ပြေ လျက်ရှိကြောင်း”သီတက္ကန်(မြောက် ) ကျေးရွာရာအိမ်မှူး ဦးကျော်မြိုင်က ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


