ပုဂံ-ညောင်ဦး ၁၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ မြင်းလှည်းလုပ်ငန်း လုပ်ကိုင်သူများ ပုဂံ-ညောင်ဦးသို့ လာရောက်သည့် ပြည်ပဧည့်သည်များ မြင်းလှည်းစီးများလာခြင်းကြောင့် အဆင်ပြေနေကြကြောင်း သိရသည်။
ပုဂံ-ညောင်ဦးဒေသသို့ အနောက်ဥရောပ နိုင်ငံသားများနှင့် အာရှခရီးသွားအများစု လာရောက်ကြပြီး မြင်းလှည်းစီးမှုများပြာလာကာ တောလမ်းအတိုင်း ခေင်္ဂခဘုရားဝင်းမှ အာနန္ဒာဘုရားကြီးဘက်၊ ထိုမှ သဗ္ဗညုဘုရား၊ နတ်လှောင်ကျောင်း၊ ငကျွဲနားဋောင်းဘုရားနှင့် ထိုမှတစ်ဆင့် ဆင်များရှင်ဘုရား၊ ရွှေဆံတော်ဘုရား၊ ဓမ္မရံကြီးနှင့် စူဠာမဏိစေတီများသို့ သွားရောက်ကြကြောင်း သိရသည်။
မြင်းလှည်းငှားရမ်းကြရာတွင် တရုတ်နိုင်ငံသားများ အများအပြားစီးနင်းကြပြီး မြင်းလှည်းတန်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လှည့်ပတ်၍ လေ့လာကြကာ တစ်နေကုန်ငှားစီးကြကြောင်း သိရသည်။ မြင်းလှည်းအား တစ်နာရီလျှင် ကျပ်တစ်သောင်းခွဲဖြင့် အငှားလိုက်ကြောင်း၊ သုံးယောက်စီးလျှင် ကျပ်သုံးသောင်းတောင်းပြီး လေးဦး၊ ငါးဦးထိဆိုလျှင် ငါးသောင်းကျပ်ထိရကြောင်း မြင်းလှည်းအငှားလိုက်သည့် ဦးမောင်စိုးက ရှင်းပြသည်။
ညနေပိုင်း နေဝင်ဆည်းဆာကြည့် တောင်ကုန်းများသို့ လိုက်ပို့ရာတွင် နာရီဝက်အတွင်း သုံးသောင်းခွဲကျပ်ရရှိကြောင်း၊ နေဝင်ဆည်းဆာကြည့်ပြီးလျှင် ၎င်းတို့တည်းခိုသည့်နေရာ လိုက်ပို့ရပြီး မြင်းလှည်းအငှားရပ်တန့်ကာ အိမ်ပြန်နားကြကြောင်း သိရသည်။ မြင်းလှည်းလုပ်ငန်းများ ပြန်လည်ဦးမော့လာရာတွင် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွှတ်ခွင့်ပြုခဲ့သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်လာချိန်မှစကာ ဂျပန်နှင့် တရုတ်နိုင်ငံသား အများအပြား၊ ဥရောပမှ စပိန်နိုင်ငံသားများ၊ ဂျာမနီနိုင်ငံသားများ မြင်းလှည်းအစီးများပြားခြင်းကြောင့် မြင်းလှည်းလုပ်ငန်း လုပ်ကိုင်သည့်သူများ အဆင်ပြေနေကြကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


