ရန်ကုန် ၁၉ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယကများ၊ အမှုဆောင်အဖွဲ့သစ်တို့ တွေ့ဆုံဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယနေ့တက်ရောက်လာကြသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီးများ၊ အမှုဆောင်များနှင့် ရင်းနှီးပြီး ဖြစ်သော်လည်း ပြန်လည်ဖွဲ့စည်းခဲ့သော အမှုဆောင်အဖွဲ့သစ်နှင့် တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရုပ်ရှင်လောကအတွက် အရေးကြီးသည့် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း ရှိနေကြောင်း။
မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ပြည့်ပွဲတော် ကျင်းပရန်လည်းရှိပြီး ၎င်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ မည်သို့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည်ကို ယခင်အစည်းအဝေးများတွင် ဆုံးဖြတ်ထားသည်များရှိပါကြောင်း၊ ထို့အတွက် ရုပ်ရှင်အစည်းအရုံးဘက်မှ လုပ်ကိုင်ဆောင်ရွက်ထားရှိမှုများကို သိရှိလိုပြီး တစ်ဆက်တည်း ရုပ်ရှင်ပြတိုက်ကိုလည်း ကြည့်ရှုလေ့လာလိုပါကြောင်း၊ ထို့ပြင် ရုပ်ရှင်အစည်းအရုံးဘက်မှ ဆောင်ရွက်နေသည့် ထူးခြားတိုးတက်မှုများ ရှိပါကလည်း ဆွေးနွေးကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက စည်သူဗိုလ်ကလေးတင့်အောင်က မြန်မာ့ရုပ်ရှင်သည် ငွေရတု၊ ရွှေရတုနှင့် စိန်ရတုတို့ကို ကျော်လွှားခဲ့ပြီး ယခုရာပြည့် ပတ္တမြားရတုကို ရောက်ရှိတော့မည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြတ်သန်းခဲ့သည့် ရုပ်ရှင်ခေတ်တစ်လျှောက်တွင် အသံတိတ်၊ တေးသံစုံ၊ အသံထွက်၊ မြင်ကွင်းကျယ် စသည်ဖြင့် အဆင့်ဆင့် တိုးတက်လာစေရန် ရုပ်ရှင်လောကသားများက ဖန်တီးခဲ့ကြပါကြောင်း၊ ၎င်းကို အခြေပြုပြီး ရုပ်ရှင်ရာပြည့်ပွဲတော်ကို လူကြီးများက ဦးဆောင်ပြီး လုပ်နိုင်ကိုင်နိုင်ရှိကြသည့် လူငယ်များ စုပေါင်းကာ လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း၊ ရုပ်ရှင်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအသစ်အနေဖြင့်လည်း အားသစ်ခွန်သစ်နှင့် လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း၊ လုပ်ဆောင်ပါလို့လည်း ပြောကြားလိုပြီး မိမိတို့လူကြီးများက ဝိုင်းဝန်းစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ ရုပ်ရှင်လုပ်ငန်းကြီး တည့်တည့်မတ်မတ်နှင့် ကောင်းကောင်းမွန်မွန်ဖြစ်လာအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ အမှုဆောင်အဖွဲ့သစ်ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် ဒုတိယ ဥက္ကဋ္ဌ(၂) ဦးအေးကြူလေးတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ သင်းဖွဲ့စည်းမျဉ်းနှင့်အညီ အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့မှု၊ ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရေး ဦးစီးကော်မတီနှင့် အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ၉၆ ကားကို ကြည့်ရှုဆောင်ရွက်နေမှုနှင့် မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားအတွက် စတင်လုပ်ဆောင်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကျင်းပရေး ယာယီကော်မတီဖွဲ့စည်းထားရှိပြီး ယခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် အစည်းအဝေးကျင်းပခဲ့မှု၊ ၎င်းယာယီကော်မတီကိုယ်စား Working Group အနေဖြင့် ယခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစည်းအဝေးကျင်းပခဲ့ပြီး လုပ်ငန်းစဉ် ၁၁ ခု ချမှတ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကများနှင့် အမှုဆောင်များက မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လက်ရှိလုပ်ငန်းတာဝန်များ ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရုပ်ရှင်တွင် E-cinema, D-cinema တို့အပြင် ရုပ်မြင်သံကြားနှင့် မိုဘိုင်းဖုန်းတို့မှတစ်ဆင့် ထုတ်လွှင့်နေမှုများနှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု မကြာမီကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်ဆိုင်ရာများ တင်သွင်းခြင်း၊ ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားတွင် ပြုပြင်ပြီး ဖြစ်သော မြန်မာဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများ စုစည်း၍ ပြသနိုင်ရန်အပြင် နိုင်ငံတကာ ရုပ်ရှင်များလည်း ပါဝင်ပြသရန် အလျဉ်းသင့်သလို ဖိတ်ခေါ်ထားရှိကြောင်း၊ မြန်မာဂန္ထဝင် ရုပ်ရှင်ဇာတ်ကားများ ထပ်မံရှာဖွေပြုပြင်ပြီး လွှဲပြောင်းပေးရန်လည်း နှိုးဆော်ဆောင်ရွက် နေပါကြောင်း၊ ရုပ်ရှင်ရာပြည့်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုပ်ရှင်လောကသားအားလုံး ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဆက်လက်၍ MMPO Cinema ခန်းမတွင် ၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ရေး ဦးစီးကော်မတီနှင့် အကဲဖြတ်အဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် သာသနာ့ရိပ်သာလမ်းရှိ မြန်မာ့ရုပ်ရှင် ဖလင်ပိဋကတ်တိုက်တွင် မြန်မာရုပ်ရှင်ဇာတ်ကား ဖြူ/မည်းနှင့် ရောင်စုံဇာတ်ကားများ၊ မှတ်တမ်းရုပ်ရှင်များ ထိန်းသိမ်းပြုပြင်နေမှုကိုလည်းကောင်း၊ မြန်မာ့ရုပ်ရှင် မော်ကွန်းတိုက်တွင် ခေတ်အဆက်ဆက် ရုပ်ရှင်လုပ်ငန်းသုံးပစ္စည်းများ ထိန်းသိမ်းထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်


