မန္တလေး ၁၉ နိုဝင်ဘာ


၂၀၂၂ ကမ္ဘာ့ဖလားနှင့်  ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မွန်ဂိုလီးယားအသင်းတို့ ယနေ့ညနေ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နှစ်ပွဲဆက်အနိုင်ရခဲ့သောကြောင့် အုပ်စုအောက်ဆုံးနေရာမှ ရုန်းထွက်နိုင်ခဲ့ပြီး အဆင့် () နေရာသို့ တက်လှမ်းနိုင်ခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲဆက် အနိုင်ရခဲ့သော်လည်း ယခုပွဲကစားသွားသည့်ခြေစွမ်းမှာ တာဂျစ်ကစ္စတန်ကို အနိုင်ရသည့်ပွဲကဲ့သို့ ကစားနိုင်ခြင်း မရှိဘဲ တိုက်စစ်တွဲလုံးများနှင့် အဆုံးသတ်ဂိုးသွင်းမှုအပိုင်းမှာ အားနည်းချက်များရှိခဲ့သည်။ မွန်ဂိုလီးယား အသင်းသည် ရှုံးပွဲကြုံတွေ့ခဲ့သော်လည်း မြန်မာအသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့သည်။

 မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် တာဂျစ်ကစ္စတန်ကို အနိုင်ယူခဲ့သည့် ပွဲထွက်လူစာရင်းအတိုင်း ယှဉ်ပြိုင်ကစားခဲ့ပြီး အောင်သူ၊ ဇော်မင်းထွန်း၊ ကျော်ဇင်ထက်၊ မောင်မောင်လွင်၊ ဆွမ်လမန် တို့ဖြင့် လူစုံခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားခဲ့သလို မွန်ဂိုလီးယားအသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားခဲ့သောကြာင့် ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ မွန်ဂိုလီးယားအသင်း၏ခံစစ်ကစားပုံကြောင့် မြန်မာ အသင်းတိုက်စစ်မှာ တာဂျစ်ကစ္စတန်နှင့်ပွဲလောက် ထိရောက်မှုမရှိသလို ဂိုးသွင်းခွင့်လည်း အနည်းငယ် သာရခဲ့သည်။ ၁၇ မိနစ်တွင် မြန်မာအသင်း တစ်လုံးတည်းသောအနိုင်ဂိုးရခဲ့ပြီး လှိုင်းဘိုဘိုက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် အနိုင်ဂိုးကို စောစီးစွာရခဲ့သော်လည်း လက်ကျန်မိနစ်များတွင် ဂိုးထပ်ရအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် မွန်ဂိုလီးယားအသင်း၏ ချေပဂိုးရရန်ကြိုးပမ်းမှုများကို ခက်ခက်ခဲခဲဖျက်ထုတ်ခဲ့ရသည်။

 

dfwe4

 

မြန်မာအသင်းသည် ဒုတိယပိုင်းတွင် ကစားသမားများအပြောင်းအလဲပြုလုပ်ခဲ့သော်လည်း မွန်ဂိုလီးယား နောက်တန်းကို ထင်သလောက် ဖိအားပေးနိုင်ခြင်းမရှိခဲ့ပေ။ မြန်မာကစားသမားများ တိုက်စစ်တွဲလုံးများ ပုံဖော်နိုင်ခြင်းမရှိအောင် မွန်ဂိုလီးယားအသင်းက တားဆီးနိုင်ခဲ့သောကြောင့် တစ်ကိုယ်တော် ထိုးဖောက် မှုများသာ တိုက်စစ်ဆင်ခဲ့သော်လည်း ဂိုးထပ်မရသောကြောင့် ပထမပိုင်းရလဒ်အတိုင်း ပြီးဆုံးခဲ့ခြင်းဖြစ်သည်။


၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာအသင်းက ငါးပွဲကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။ မြန်မာအသင်းသည် မွန်ဂိုလီးယားအသင်းကို ပထမအကျော့ ရှုံးကြေွးပြန်ဆပ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲများကို ယခုပွဲအပြီးတွင် ခေတ္တရပ်နားမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် မတ်လမှ ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - ဖိုးသော်ဇင်

 

fewe