ဖနောင်ပင် ၁၉ နိုဝင်ဘာ

ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်နေသော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့နံနက်ပိုင်းတွင် ဖနောင်ပင်မြို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ရုံး(Peace Palace)၌ ကျင်းပသည့် ဒုတိယအကြိမ်‌မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

8140

 

ဖွင့်ပွဲအခမ်းအနားသို့ အာရှ-ပစိဖိတ်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘာသာရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့်အတူ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ အရှင်သောဘိတလည်း တက်ရောက်သည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့်နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများကို ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။

အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်၊ ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Jose de Venecia Jr ၊ ကမ္ဘာ့ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း ပူးတွဲတည်ထောင်သူ ဒေါက်တာ ဟခ်ဂျာဟန်မွန်းတို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်းပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၏ သာယာလှပသည့်မြို့တော် ဖနောင်ပင်တွင် ယခုလို ခမ်းနားကြီးကျယ်စွာ စုဝေးကျင်းပသည့် ၂၀၁၉ ခုနှစ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုပြီး တက်ရောက်ခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဒုတိယအကြိမ် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ပူးတွဲ ကမကထပြု ကျင်းပပေးသည့်အတွက် ကမ္ဘောဒီးယားအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (UPF) တို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။

ယခုညီလာခံသည် လူသားအားလုံးအတွက် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ကာ ပိုမိုကောင်းမွန်သည့် ကမ္ဘာကြီးကို မည်သို့တည်ဆောက်ကြမည် ဆိုသည့်အပေါ် သဘောထားအမြင်နှင့် အတွေ့အကြုံများကို တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ရန် ငြိမ်းချမ်းရေးယဉ်ကျေးမှု အစဉ်အလာများကို မြှင့်တင်နေကြသည့် အမှန်တကယ် ဆန္ဒပြင်းပြကြသော ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း။

မိမိတို့အားလုံး သိရှိနားလည်ပြီး ဖြစ်သည့်အတိုင်း ယနေ့ကမ္ဘာကြီးသည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် လူသားတို့၏ လုပ်ဆောင်မှုများကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှု အခက်အခဲ အမြောက်အမြားနှင့် ရင်ဆိုင်နေရလျက် ရှိပါကြောင်း၊ ယင်းစိန်ခေါ်မှုများသည် နိုင်ငံအားလုံး၏ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတို့ကို သာမက လူသားအားလုံး၏ အခြေခံကျသော ရပ်တည်မှုကိုပင် ခြိမ်းခြောက်လျက် ရှိနေပါကြောင်း၊ ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ်များ ယိုယွင်းပျက်စီးစေမည့် အပြုသဘောမဆောင်သည့် အင်အားစုများသည် နေရာတိုင်းတွင် ရှိနေပါကြောင်း။

အပြန်အလှန် အမှီပြုနေကြပြီး ကွဲပြားခြားနားမှုများ များစွာရှိနေသည့် ဒီကမ္ဘာကြီး တွင် စိန်ခေါ်မှုများကို တစ်ကမ္ဘာလုံး၏ ပေါင်းစည်းအင်အားနှင့် လက်တွဲတုံ့ပြန်သွားကြရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ယခုနှစ် ထိပ်သီးအစည်းအဝေးအတွက် “ကျွန်ုပ်တို့ မျက်မှောက်ကာလရဲ့ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းရေး- ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ အပြန်အလှန်အမှီပြုရေး၊ သာယာဝပြောရေးနဲ့ ကမ္ဘာလုံးဆိုင်ရာစံနှုန်းများ" ဆိုသည့်ခေါင်းစဉ်ကို ရွေးချယ်ခဲ့ခြင်းသည် မတည်ငြိမ်မှု၊ မရေရာမှုများနှင့် ပြည့်နေသည့် ယခုလိုအရေးကြီးသော အချိန်ကာလမျိုးတွင် များစွာ လျော်ကန်သင့်မြတ်ပါကြောင်း။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က “စစ်ပွဲများဟာ လူသားများရဲ့ စိတ်တွေကနေ စတင်ပေါ်ပေါက်ရခြင်းဖြစ်သလို၊ အဲဒီစိတ်တွေထဲမှာပဲရှိနေတဲ့ မေတ္တာတရားနဲ့ ကရုဏာတရားတွေကနေ ငြိမ်းချမ်းရေးကိုလည်း ခုခံကာကွယ်စောင့်ရှောက်နိုင်ပါတယ်"ဟု ပြောကြားခဲ့ဖူးပါကြောင်း၊ ယင်းအယူအဆနှင့်အညီ လူတစ်ဦးချင်းစီ၏ စိတ်သဏ္ဍာန်တွင် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုကို မဖြစ်မနေ အစပြုပျိုးထောင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဘာသာရေးဆိုင်ရာ သွန်သင်ဆုံးမမှုနှင့် ပညာရေးတို့မှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၏ အရေးပါမှုကို ပြည်သူများအကြား ပိုမိုသိရှိ နားလည်ပြန့်ပွားလာစေရန် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ပညာရေးသည် ပြည်သူများ၏ စိတ်နေသဘောထားကို ပြောင်းလဲရန်အတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်ရာတွင် သော့ချက်ကျသည့်အတွက်  အထူးအလေးပေးသွား ရမည်ဖြစ်ပါကြောင်း။

အခါအခွင့်ကြုံခိုက် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိစေရန် ငြိမ်းချမ်းရေး၏ အရေးပါသော အခန်းကဏ္ဍကို အလေးပေးပြောကြား လိုပါကြောင်း၊ အချို့က နိုင်ငံတစ်နိုင်ငံတွင်  အကြမ်းဖက်မှုနှင့် ပဋိပက္ခများအားလုံးမှ ကင်းလွတ်ခြင်းကို ငြိမ်းချမ်းရေးဟု ပြောဆိုကြပါကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေး၏ အဓိပ္ပါယ်သည် ယခုထက်ပိုပြီး နက်ရှိုင်းပါကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ အိမ်နီးချင်းများ၊ လူ့အဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်တို့နှင့် လိုက်လျောညီထွေ သဟဇာတ ဖြစ်မှုဖြစ်ပါကြောင်း၊ ပြည်သူများအကြား ငြိမ်းချမ်းရေးဆိုသည့် အလေ့အကျင့်ကို ဖော်ဆောင်မြှင့်တင်ခြင်းသည် အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ဟန့်တားပေးနိုင်သည့် ချဉ်းကပ်ဖြေရှင်းမှု နည်းလမ်းဖြစ်ပြီး စစ်ပွဲနှင့် အကြမ်းဖက်မှု အတွေးအခေါ်များကို အစားထိုးပေးနိုင်မည့် နည်းလမ်းတစ်ရပ်လည်းဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေး မရှိဘူးဆိုလျှင် တိုးတက်မှုနှင့် သာယာဝပြောမှု၊ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုတို့ ရေရှည်ထိန်းထားနိုင်မည် မဟုတ်ပါကြောင်း၊ နိုင်ငံများ၏ သမိုင်းအထောက်အထားများအရ ပဋိပက္ခနှင့် မတည်ငြိမ်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သလို အားလုံးလွှမ်းခြုံသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့ပါကလည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကာလကြာမြင့်စွာ တည်တံ့နိုင်မည် မဟုတ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းသည် ပဋိပက္ခဖြစ်စေသည့် ပင်မအကြောင်းရင်းခံများမှ ကင်းဝေးစေရန် လွန်စွာအထောက် အကူပြုစေနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးတည်မြဲရန် နှင့်ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန်ဆက်စပ်လျက်ရှိသည်မှာ သိသာထင်ရှားလှပါကြောင်း။

အခါအခွင့်ကြုံခိုက် နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို မျှဝေပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်းနေထိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်နက်ကိုင်အဖွဲ့များ ကာလရှည်ကြာစွာရှိနေသည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအစိုးရသည် နိုင်ငံ့တာဝန်များ စတင်တာဝန် ယူချိန်ကစပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစိုးရ၏ အရေးကြီးဆုံး ဦးစားပေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ကာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း(၁၈)ခုခန့် ပါဝင်သည့် ကမ္ဘာ့အရှုပ်အထွေးဆုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက် ရှိပါကြောင်း။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ ညီလာခံ)ကို (၃)ကြိမ်တိုင်တိုင် အောင်မြင်စွာကျင်းပခဲ့ပြီး ငြိမ်းချမ်းသာယာပြီး သဟဇာတဖြစ်သည့် လူ့အသိုက်အဝန်းတစ်ခု ဖန်တီးနိုင်ရန် လုံခြုံရေးနှင့် သာယာဝပြောရေးကို အာမခံပေးနိုင်စေမည့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန်အတွက် အခြေခံမူကြီး (၅၁)ချက်ကို သဘောတူညီခဲ့ပြီးဖြစ်ပါကြောင်း။

စိန်ခေါ်မှုများများစွာ ရင်ဆိုင်နေရသော်လည်း မိမိတို့ပြည်သူများသည် ပြည်တွင်း ပဋိပက္ခများကို ဖြေရှင်းရာတွင် အင်အားသုံး ဖြေရှင်းခြင်းထက် နိုင်ငံရေးဆွေးနွေးပွဲများ မှတစ်ဆင့် စတင်ဆောင်ရွက်လာမှုများသည် ဝမ်းမြောက်ဖွယ်ဖြစ်ပါကြောင်း၊ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့ လျှောက်လှမ်းလျက်ရှိသည့် မြန်မာနိုင်ငံ၏ ခရီးလမ်းကြောင်းတွင် ထာဝရငြိမ်းချမ်းရေး ရရှိရေးသည် ပဓာနကျသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ပါကြောင်း၊ မိမိတို့၏ အမျိုးသားရေး အတွေ့အကြုံများမှတစ်ဆင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖော်ဆောင်ခြင်းသည် လွယ်ကူသည့် လမ်းကြောင်းတစ်ခု မဟုတ်ကြောင်းကို ကောင်းစွာသိရှိနားလည် ထားပါကြောင်း၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူများ၏ သည်းခံမှု၊ ဇွဲလုံ့လနှင့် တက်တက် ကြွကြွပါဝင်မှုများဖြင့် ၎င်းတို့၏ ပြင်းပြသည့် ရည်မှန်းချက်ဖြစ်သော ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆီသို့ တဖြည်းဖြည်း ရှေ့ဆက်တက်လှမ်းသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

မြန်မာအစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေစဉ် တစ်ပြိုင်တည်းတွင် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့ရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မျှတသည့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် အလေးထားပြီး ဟန်ချက်ညီစွာ ဖော်ဆောင်ထားလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် မြန်မာအစိုးရအနေဖြင့် အားလုံးလွှမ်းခြုံသည့် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး မူဝါဒဖြစ်သည့် “မြန်မာနိုင်ငံ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း”ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ယင်းစီမံကိန်းသည် မဏ္ဍိုင်(၃)ရပ်မှ အခြေပြုထားသည့် ရည်မှန်းချက် (၅)ရပ်ကို သတ်မှတ်ထားပါကြောင်း။

မြန်မာနိုင်ငံကဲ့သို့ ပြည်တွင်းပဋိပက္ခများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်လျက်ရှိသည့်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိပါက ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သည့် စီမံအုပ်ချုပ်မှုတို့ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ပထမဦးစားပေး ရည်မှန်းချက်အဖြစ် သတ်မှတ်ထားပါကြောင်း။

ယနေ့အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေသည့် ကမ္ဘာ့ပေါင်းစည်းဆက်နွယ်မှုဖြစ်စဉ်နှင့် အပြန်အလှန် အမှီပြုမှု အလွန်ကြီးမားနေသည့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ဘာသာတရား၏ အဆုံးအမသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ထင်မြင်မိပါကြောင်း၊ မိမိတို့၏ ကြီးမြတ်သည့် ဘာသာရေးခေါင်းဆောင်များမှ ကိုယ်ကျင့်တရားနှင့် အလေးအမြတ်ပြုရမည့် လူသား စံနှုန်းများဖြစ်သည့် မိမိကိုယ်ကို လေးစားမှု၊ တစ်ပါးသူအား လေးစားမှု၊ လောဘ၊ ဒေါသ၊ အမုန်းတရားနှင့် အသိတရားမဲ့မှုများ လျှော့ချရေးနှင့် လုံးဝအပြီးတိုင် ပပျောက်စေရန်ကို သွန်သင်ဆုံးမ ပေးခဲ့ကြပါကြောင်း၊ မိမိတို့ အားလုံးအနေဖြင့် ၎င်းတို့၏ ဆုံးမမှုများကို လိုက်နာကျင့်သုံးနိုင်ကြမည်ဆိုလျှင် ချစ်ခင်ကြင်နာမှု၊ စာနာရိုင်းပင်းတတ်မ၊ သည်းခံစိတ်ရှည်မှု စသည့် သဟဇာတဖြစ်စွာ နေထိုင်နိုင်မည့် စိတ်နေစိတ်ထားများကို မွေးမြူ နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ သဟဇာတဖြစ်သည့် စိတ်နေစိတ်ထားများသည် တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး၊ အပြန်အလှန် မှီတင်းနေထိုင်ရေး၊ သာယာဝပြောရေးတို့ အတွက်သာမက လူသားအားလုံးအတွက် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကိုပါ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မိမိတို့၏ ဘုံရည်မှန်းချက်များ ပြည့်ဝအောင်မြင်စေရေးအတွက် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း။

တစ်ကမ္ဘာလုံး အလေးထားရသော စံနှုန်းများဖြစ်သည့် ငြိမ်းချမ်းရေး၊ တရားမျှတ မှုရှိရေး၊ သာတူညီမျှမှုရှိရေး၊ လွတ်လပ်မှုနှင့် ပျော်ရွှင်မှုရှိရေးတို့သည် နိုင်ငံအချင်းချင်း အပြန်အလှန် အမှီပြုနေကြရသည့် ကမ္ဘာတွင် ယခင်ကထက်ပိုပြီး အမှန်တကယ် လိုအပ်လာသည်ဟု မိမိတို့အနေဖြင့် စစ်မှန်စွာ ယုံကြည်မိပါကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအားလုံး၊ လူ့ဘောင်အဖွဲ့အစည်း၊ အသင်းအဖွဲ့တိုင်းနှင့် နိုင်ငံတိုင်းသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမြှင့်တင်ရေး၊ ကမ္ဘာ့စံနှုန်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ၎င်းတို့၏ အတွေ့အကြုံများ၊ ဗဟုသုတများကို မျှဝေခြင်း၊ အပြန်အလှန် ပံ့ပိုးကူညီပေးခြင်းတို့ကို လုပ်ဆောင်နိုင်သလို အမှန်တကယ်လည်း လက်တွေ့လုပ်ဆောင်သင့်ပါကြောင်း၊ မိမိတို့အနေဖြင့် ပြောဆိုဆွေးနွေးရုံ သာမကဘဲ အတူတကွ လက်တွေ့ကျကျ အကောင်အထည်ဖော်သွားနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း။

မြန်မာနိုင်ငံသည် ကိုးကွယ်ယုံကြည်မှု မတူညီသည့် ပြည်သူများအကြား ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် သဟဇာတရှိရေး ပိုမိုဖော်ဆောင်ရာတွင် "Religion for Peace" ကဲ့သို့သော ဘာသာရေးဆိုင်ရာ အပြန်အလှန်လေးစားကြသည့် အဖွဲ့အစည်း များနှင့် အတူတကွလက်တွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ဆက်တည်း ပြောကြား လိုသည်မှာ ၂၀၂၀ ပြည့်နှစ် နှစ်လယ်တွင် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း “UPE" နှင့် ပူးတွဲကမကထပြုပြီး မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါကြောင်း ဝမ်းမြောက်စွာ အသိပေးပြောကြားလိုပါကြောင်း။

မေတ္တာ၊ ကရုဏာနှင့် ချစ်ခင်ကြင်နာမှုတွေ ဆက်လက်ရှင်သန် ထွန်းကားနေမည့် စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းသည့် ကမ္ဘာကြီးတစ်ခုကို မိမိတို့၏ အနာဂါတ်မျိုးဆက်သစ်များအတွက် လက်ကမ်းချန်ထားနိုင်ခဲ့ရန် လိုအပ်သည်ဆိုသည်ကို သတိပေးနှိုးဆော်လိုပါကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရန် လျှောက်လှမ်းရမည့် ခရီးသည် ရှည်လျားသော်လည်း ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် မေတ္တာစေတနာတို့၏ စွမ်းအားနှင့် စိတ်ချယုံကြည်စွာ အတူတကွ ဆက်လက်လျှောက်လှမ်းကြမည်ဆိုလျှင် အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပါလာအိုကျွန်းနိုင်ငံ ဒုတိယသမ္မတ Raynold Oilouch၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Shirin Sharmin chaudhury ၊ ပါကစ္စတန်နိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Qasim Khan Suri ၊ အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတဟောင်း Jusuf Kalla ၊ တီမောနိုင်ငံ သမ္မတဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း Kay Rala Xanana Gusmao တို့က မိန့်ခွန်းများ ပြောကြားကြပြီး Universal Peace Federation (UPF) ဥက္ကဋ္ဌ Dr. Thomas G. Walsh က international Summit Council For Peace Resolution နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းသည်။

 

2

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် အာရှ-ပစိဖိတ်နိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကမ္ဘောဒီးယားနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် အာခါ မိုဟာ ပွန်ဟီး ချဂ်ရီ ဟန်ဆမ်ရင်နှင့် အောက်လွှတ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် ကမ္ဘောဒီးယား စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေးတို့ကို ဆွေးနွေးကြသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆမ်ဒက် ဗီဘိုလ် ဆီနာ ဖီခ်ဒီ ဆေချမ် နှင့် အထက်လွှတ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်မှု အထိမ်းအမှတ် အခမ်းအနားများ ကျင်းပသွားရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏ မြှင့်တင်ရေးတို့ကို ဆွေးနွေးကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် ဟွန်ဆန်နှင့် ဝန်ကြီးချုပ်ရုံး (Peace Palace)၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့သွားရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ဖော်ဆောင်နိုင်ရေး၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှု (၆၅) နှစ်ပြည့် မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများကို ပူးတွဲကျင်းပနိုင်ရေး၊ နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညပိုင်းတွင် ဒုတိယသမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

သတင်းစဉ်