နေပြည်တော် ၁၉ နိုဝင်ဘာ
ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာနှင့်ဥပဒေ ပေါ်ပေါက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကျန်းမာရေးထိခိုက်ခြင်း အပါအဝင် ကဏ္ဍအသီးသီးတွင် ထိခိုက်ဆုံးရှုံးမှုများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသောကြောင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမှုဝါဒ၊ မဟာဗျူဟာနှင့်ထိရောက်သော ဥပဒေပေါ်ပေါက်ရေး ကိစ္စရပ်များသည် အလွန်အရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးကဏ္ဍမှ ပညာရှင်များ၊ နှီးနွှယ်ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှတာဝန်ရှိသူများနှင့် ပညာရှင်များအနေဖြင့် မိမိတို့နိုင်ငံ၏ အခြေအနေ အရပ်ရပ်နှင့် ကိုက်ညီ၍ လက်တွေ့ဆောင်ရွက်နိုင်ကာ ရေရှည်ကာလအတွက်ပါ ထည့်သွင်းစဉ်းစားသည့် မူဝါဒ၊မဟာဗျူဟာနှင့် ဥပဒေများကို ရေးဆွဲချမှတ်သွားရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများကို နှီးနွှယ်ဌာနနှင့် အဖွဲ့အစည်းများက လက်ရှိဆောင်ရွက်နေမှု အခြေအနေနှင့် အကျိုးထိရောက်မှု အခြေအနေများကို စောင့်ကြည့်ဆန်းစစ်၍ ပိုမိုအားဖြည့်ဆောင်ရွက်သွားနိုင်မည့် မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ထည့်သွင်းချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စာရင်းဇယားအချက် အလက်များအရ တစ်ကမ္ဘာလုံးတွင် နှစ်စဉ်လူဦးရေ (၈)သန်းနှင့် မြန်မာနိုင်ငံတွင်နှစ်စဉ်လူဦးရေ (၆၄,၀၀၀) ခန့်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုကြောင့် အရွယ်မတိုင်မီသေဆုံးမှုများ ဖြစ်ပွားနေပါကြောင်း။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်မှုလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိပါ ကနောင်(၅) နှစ်တာကာလခန့်အတွင်းမှာပင် ထိန်းချုပ်ရန် အလွန်ခက်ခဲသော ပြည်သူ့ကျန်းမာရေး ပြဿနာကြီး ဖြစ်လာမည်ဖြစ် ပြီးနိုင်ငံတော်၏ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးမှုကြီးများ ဖြစ်လာမည်ဖြစ်ပါကြောင်း။
အထူးအရေးကြီးသည်မှ လူငယ်လူရွယ်များ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှုအလေ့အထ မရရှိသွားစေရန်အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ(၂၀၁၆) တွင်ပါရှိသည့်အတိုင်း အသက် (၁၈)နှစ်အောက်ကလေးများကို ဆေးလိပ်နှင့်ဆေးရွက်ကြီး မရောင်းချရန်နှင့် ရောင်းချပါက ထိရောက်စွာအရေးယူသွားနိုင်ရန် ဖြစ်ကြောင်းနှင့် အားလုံးကဝိုင်းဝန်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို တိကျစွာ ချမှတ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ၎င်းတို့ပါဝင်ဆောင်ရွက်ရန် မူဘောင်များကိုလည်း ထည့်သွင်းချမှတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး လုပ်ငန်းများ အောင်မြင်မှုများ ရရှိစေရန်အားလုံး လက်တွဲညီညာစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးရွက်ကြီးထိန်းချုပ်ရေး မူဘောင်သဘောတူညီချက်အဖွဲ့ (WHO FCTC) မှ Technical officer ဖြစ်သူ Mr. Rodrigo Santos က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၉) ရက်မှ (၂၂)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


