ရန်ကုန် ၁၉ နိုဝင်ဘာ

ရန်ကုန်မြို့ Down Town ခြောက်မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာနှင့် လမ်းမတော်မြို့နယ်တို့တွင် စမတ်ကားပါကင်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန် Down Town ခြောက်မြို့နယ်တွင် စမတ်ကားပါကင်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တင်ဒါခေါ်ယူခဲ့ပြီး ကုမ္ပဏီခြောက်ခုက တင်ဒါဝင်ရောက် ယှဉ်ပြိုင်ထားကြောင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က သိရသည်။

“စမတ်ကားပါကင်ကို အကောင်အထည်ဖော်နေပါတယ်။ စမတ်ကားပါကင်ကို အကောင်အထည်ဖော်တဲ့နေရာက Down Town  (၆) မြို့နယ်ဖြစ်ပါတယ်။ အဲဒီမှာလည်း EOI ခေါ်တဲ့အဆင့်ကိုကျော်ပြီး တင်ဒါခေါ်တဲ့အဆင့်ကို ရောက်ရှိနေပါပြီး ကုမ္ပဏီ ၆ ခု တင်ဒါတင်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အစည်းအဝေးလုပ်ပြီး တင်ဒါကိုတော့ နောက်ဆုံးအနေနဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ တင်ဒါပြန်လက်ခံဖို့ ဆောင်ရွက်နေပါတယ်။ စမတ်ကားပါကင်ဆိုတဲ့အတိုင်း စမတ်ဖြစ်မယ့် နည်းပညာတွေအသုံးပြုပြီး ကားခကောက်ခံသွားမှာဖြစ်ပါတယ်။ ဘယ်လိုနည်းပညာတွေနဲ့ ဘယ်လိုပြိုင်မလဲ ဆိုတာကတော့ တင်ဒါအဖွဲ့ကနေ ရွေးချယ်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနမှူး ဦးလင်းခိုင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်မှု စာရင်းများအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မော်တော်ယာဉ်အစီးရေ ၈ သိန်းကျော်ရှိပြီး ၎င်းတို့အနက်မှ ၇၀ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ်အသုံးပြုမှု များပြားလာမှုနှင့်အတူ ကားပါကင် လိုအပ်ချက်သည်လည်း တဖြည်းဖြည်းကြီးထွားလာပြီး ယင်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စမတ်ကားပါကင်များ အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း(မင်းသစ်-MNA)