နေပြည်တော် ၁၉ နိုဝင်ဘာ
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် (၂၃) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ အစည်းအဝေး (23rd Greater Mekong Subregion-GMS Ministerial Conference- 23rd MC) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။
(၂၃)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ၏ တံခါးပိတ်အစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မဟာမဲခေါင်ဒေသခွဲမဟာဗျူဟာမူဘောင် (၂၀၃၀) (GMS Strategy 2030) နှင့် မဟာမဲခေါင်ဒေသခွဲ သုတေသနအစီအစဉ် ဖော်ဆောင်နိုင်ရေးအတွက် ပြင်ဆင်ထားမှုများနှင့်စပ်လျဉ်း၍ တက်ရောက်လာကြသည့်ဝန်ကြီးများမှ ၎င်းတို့၏အမြင်များနှင့် အကြံပြုချက်များအား ဆွေးနွေးခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် (၂၃)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ပြီး မဟာမဲခေါင်ဒေသခွဲ ကျန်းမာရေးမဟာဗျူဟာမူဘောင် (၂၀၁၉-၂၀၃၀)နှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင် (၂၀၂၂) (Regional Investment Framework- RIF) ၏ ဒုတိယအကြိမ် အစီရင်ခံစာတို့အား အတည်ပြုထုတ်ပြန်ခဲ့ကာ ပထမနေ့တွင် ကျင်းပခဲ့သည့် အဆင့်မြင့်အရာရှိများ အစည်းအဝေး၊ ဖွံ့ဖြိုးမှုမိတ်ဖက်အစည်းအဝေးနှင့် စီးပွားရေးဖိုရမ်တို့၏ အစီရင်ခံစာများကို ဝန်ကြီးများထံတင်ပြကြရာ ဝန်ကြီးများမှ ရှေ့ဆက်လက်လုပ်ဆောင်သင့်သည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှုများပြုလုပ်ခဲ့ကြသည်။
အစည်းအဝေးသို့ မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ မဟာမဲခေါင်ဒေသခွဲဆိုင်ရာ ဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ (National Coordinator- NC)၊ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အခြားသောဖွံ့ဖြိုးမှုမိတ်ဖက်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


