နေပြည်တော် ၁၉ နိုဝင်ဘာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကရင်ပြည်နယ်ဝန်ကြီး ဦးစောမြင့်ဦးနှင့်အတူ ကော့ကရိတ်မြို့ ကမ္မရာကျေးရွာတွင် တည်ဆောက်လျက်ရှိသော တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့် စစ်ဆေးရေးစခန်း (Animal Quarantine Station) တည်ဆောက်နေမှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးရာ Asian Titan Co.,Ltd မှ တာဝန်ရှိသူများနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းတို့က ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး၊ ဆောင်ရွက်မည့် လုပ်ငန်းရည်မှန်းချက် ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လတ်တလော ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ကာလအပိုင်းအခြားအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်းသည် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့ရာတွင် မရှိမဖြစ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရခြင်းဖြစ်သည်။

တစ်နိုင်ငံမှ တစ်နိုင်ငံသို့တိရစ္ဆာန်များ ကုန်သွယ်မှုပြုလုပ်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ထိန်းသိမ်းစောင့်ကြည့်သွားခြင်းဖြင့် နယ်စပ်ဖြတ်ကျော် တိရစ္ဆာန် ကူးစက်ရောဂါများ (Trans-boundary Animal Diseases)ကို ထိန်းချုပ်ရန် ဧပြီ ၂၂ ရက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့၌ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ယခုစခန်းသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်  တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေး စခန်းဖြစ်သည်။

ပြည်ပသို့ ကျွဲနွားတင်ပို့မှုများကြောင့် ပြည်တွင်းစားသုံးမှု ပမာဏကို မထိခိုက်စေရေး၊ နိုင်ငံတွင်းရှိ အရင်းအမြစ်များ မကုန်ခမ်းစေရေးနှင့် ဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသည့် မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းလာစေရေးအတွက် ကျွဲ၊ နွားများ တိုးချဲ့မွေးမြူစေရေး၊ မျိုးထိန်းမျိုးမြှင့်ရေး၊ အစာနှင့် စားကျက်လုံလောက်စေရေး၊ မေထုန်မဲ့ သားစပ်ခြင်းနှင့် သဘာဝသားစပ်လုပ်ငန်းများ တိုးတက်စေရေး စသည့် လုပ်ငန်းကဏ္ဍများကိုလည်း စနစ်တကျ စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

 

f443