နေပြည်တော် ၁၉ နိုဝင်ဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ IMPACT Exhibition Center ၌ ကျင်းပလျက်ရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် IMPACT Exhibition Center သို့ရောက်ရှိပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. Fomin ဦးဆောင်သော အဖွဲ့ဝင်များအား IMPACT Exhibition Center အတွင်းရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲသို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့မှ တပ်မတော်အကြီးအကဲများနှင့်အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen.Ponpipaat Benyasri နှင့်တွေ့ဆုံ၍ နိုင်ငံအချင်းချင်းသံတမန် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများအား အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲတွင် ဝင်ရောက် ပြသလျက်ရှိသည့် မြန်မာ့တပ်မတော် ပြခန်းအား ကြည့်ရှုအားပေးပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံအရပ်ရပ်မှ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို လှည့်လည်ကြည့်ရှု လေ့လာကြသည်။
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen.Ponpipaat Benyasri က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
အဆိုပါ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှပြခန်း ပေါင်း ၄၅၄ ခန်းကိုပြသထားရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


