ချင်းမိုင် ၁၉ နိုဝင်ဘာ
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ငြိမ်းချမ်းရေး ဆွေးနွေးရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် စဝ်ဘောင်ခေးဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီကထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြသည်။
ယနေ့ တွေ့ဆုံမှုများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးကော်မရှင့် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “အချိန် နှစ်နာရီခွဲလောက် ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်တွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားဖို့ ကိစ္စရပ်တွေဆွေးတယ်။ အဓိကကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးခေါ်ယူရာမှာ RCSS တက်ရောက်နိုင်ရေးကိစ္စကို ဆွေးနွေးတယ်။ ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ(JMC) အစည်းအဝေးခေါ်ယူနိုင်ရေးကိစ္စ၊ ဒေသတွင်း ဖွံ့ဖြိုးရေးကိစ္စတွေနဲ့ အထွေထွေကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာဖိအားပေးတဲ့ ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အချုပ်ပြောရရင် ယုံကြည်မှုကိုတည်ဆောက်နိုင်ခဲ့တယ်” ဟု ဖြေကြားသည်။
ဆွေးနွေးမှုများနှင့်ပတ်သက်၍ RCSS ကိုယ်စားလှယ်ဦးစိုင်းငင်းက “အဓိကဆွေးနွေးတာက JICM အစည်းအဝေး ကျင်းပမယ်ဆိုတဲ့ အနေအထားကို ဆွေးနွေးတယ်။ ဘယ်တော့ ကျင်းပမယ်။ ဘယ်အတိုင်းအတာထိ လုပ်မယ်ဆိုတာကိုပါ။ ဆွေးနွေးတဲ့အခါ ကောင်းမွန်တဲ့ ရလဒ်ကိုရပါတယ်။ JICM အစည်းအဝေးကို မြန်နိုင်သမျှ မြန်အောင်သွားမှာပါ။ ကျွန်တော်တို့ PPST အစည်းအဝေး ခေါ်ဖို့ရှိတယ်။ အကြမ်းဖျင်းကတော့ ဒီဇင်ဘာပထမပတ်ထဲမှာလုပ်မယ်။ အဲ့ဒါပြီးတာနဲ့ JICM အစည်းအဝေး ဆက်တိုက်လာဖို့ရှိတယ်။ နှစ်ဖက် ညှိနှိုင်းရေးအဖွဲ့မှာ တစ်ဖက်က အဆိုပြုချက်ရှိတယ်။ ကျွန်တော်တို့ဘက်က ပြင်ဆင်ထားတဲ့ အဆိုပြုချက်ရှိတယ်။ တစ်ဆို့မှု ကျော်လွှားရေးဆိုတဲ့ကိစ္စပါ။ အဲ့ဒါ အဆင်ပြေပြီဆိုတာနဲ့ တရားဝင်အစည်းအဝေးတွေကနေ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံကို ၂၀၂၀ နှစ်ဦးပိုင်းမှာ ကျင်းပနိုင်ရေးကို ဦးတည်ပြီး ကျွန်တော်တို့ အားလုံးဆောင်ရွက်သွားမဲ့ အနေအထားရှိပါတယ်” ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများအား ဖြေကြားခဲ့သည်။
ယခုဆွေးနွေးပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိခဲ့သည့် RCSS ဥက္ကဋ္ဌ ဦးယွက်စစ်၏ ခရီးစဉ်ကိစ္စရပ်အပေါ်လည်း ဆွေးနွေးကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
“ခရီးစဉ်ကိစ္စကတစ်ချို့ ကိစ္စတွေမှာ နားလည်မှုလွဲတဲ့ ကိစ္စပါ။ အချိန်လည်း လိုအပ်တယ်။ တစ်ဖက်နဲ့ တစ်ဖက် communication ပြတ်တောက်တာတွေ လည်းရှိတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဆိုရင် သေချာညှိရမယ်။ အချိန်ယူသေချာပြင်ဆင်ပြီး ဘယ်လမ်းကြောင်းကလာမယ်။ ဘယ်ပုံစံ ဘယ်လိုနည်းနဲ့ သွားကြမယ်ဆိုပြီး ဖြေရှင်းခဲ့နိုင်ပါတယ်” ဟုပြောသည်။
ယနေ့ NRPC ကိုယ်စားလှယ်အဖွဲ့နှင့် RCSS ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် RCSS ဥက္ကဋ္ဌ ဦးယွက်စစ်က စာတစ်စောင်ပေးပို့ခဲ့သည်။
အဆိုပါ စာနှင့်ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက “RCSS ဥက္ကဋ္ဌရဲ့ သဘောထားကို ကျွန်တော်တို့ မြင်တာကတော့ NCA ကတိကဝတ်တွေအတိုင်း မပြောင်းလဲဘဲ ဒီအတိုင်းဆက်သွားမယ်။ နောက် RCSS ဥက္ကဋ္ဌရဲ့ NCA လေးနှစ်ပြည့် ခရီးစဉ်မှာ အကြောင်းကြောင်းကြောင့် မဖြစ်မြောက်ခဲ့ပေမဲ့ မူလညှိနှိုင်းချက်အပေါ်မှာပဲ ဆက်ပြီးသွားမယ်။ နောက် တိုင်းရင်းသား ပြည်သူတွေအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့သဘောထားမျိုးပါတဲ့ စာတစ်စောင်ပေးတာပါ” ဟုပြောသည်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရကိုယ်စားလှယ်များအဖြစ် NRPC အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်၊ ငြိမ်းချမ်း ရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးမိုးဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးတို့ တက်ရောက်ကြပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ ကိုယ်စားလှယ်များအဖြစ် ဦးစိုင်းငင်း၊ ဦးစိုင်းလျဲန်နှင့် ဦးစိုင်းဟန်တို့ တက်ရောက်ခဲ့ကြသည်။
NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၀ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူနှင့်လည်း သီးခြားစီတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း..ရဲခေါင်ညွန့်၊ ဓာတ်ပုံ HMS


