ကျောက်ဆည် ၁၉ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ သာသနာ့နယ်မြေတစ်ခုဖြစ်သော ဝေဘူတောင်လျှိုကြားတွင် တည်ရှိသော ဝေဘူချောင်တွင် ယနေ့ နံနက် ၈ နာရီက ပင့်သံဃာ၊ သီလရှင်နှင့် ယောဂီ စုစုပေါင်း ၂၂၀၀ နီးပါးအား ဝတ္ထုငွေနှင့်လှူ ဘွယ်ပစ္စည်းအစုစုတို့အား လောင်းလှူပူဇော်သည့် ရတနာသုံးပါးပူဇော် ပွဲတော်ကြီးအား စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးပွဲတော်များ ပင့်ဆောင်ကြွချီပြီး ပထမဝေဘူဆရာတော် ဘုရားကြီး၏ ပုံတူရုပ်ထုနှင့် ဓာတ်တော်များ ပင့်ဆောင်တင်လာသည့် မော်တော်ယာဉ်များ ဦးစွာကြွတော်မူကြသည်။ ထို့နောက် ကျောက်ဆည်ခရိုင်အတွင်းရှိ သံဃာတော်များ၊ ပထမဝေဘူဆရာတော်ကြီး၏ ဇာတိမြေ(ရွှေဘိုမြို့အင်ကြင်းပင်)နယ်မှ သံဃာတော်များ၊ ဆရာတော်ကြီး ကြွရောက်ခဲ့သည့် ဒေသများမှ သံဃာတော်များနှင့် သီလရှင်၊ ယောဂီများကို တစ်ပါးချင်းပင့်ဖိတ်ကာ အလှူရှင်များက မိမိတို့လောင်းလှူလိုသည့် ပစ္စည်းများကို လောင်းလှူကြသည်။
ထိုသို့လောင်းလှူရာတွင် အချို့အလှူရှင်များက မဏ္ဍပ်များထိုးကာ အခန်းများပြုလုပ်ပြီး လောင်းလှူသကဲ့သို့ နေရာမရသဖြင့် မဏ္ဍပ်မရှိသည့် အလှူရှင်များက လှူဘွယ်ပစ္စည်းများကို အလှူခံလမ်းတစ်လျှောက် ကောဇောခင်းကာစုပုံပြီး လောင်လှူကြသည့် အလှူရှင်များလည်းရှိကြောင်း သိရသည်။
အဆိုပါ ရတနာသုံးပါးလောင်းလှူ ပူဇော်ပွဲတွင် မဏ္ဍပ်များနှင့် လောင်းလှူသည့် အလှူရှင် ၄၀၄၁ ဦး၊ အလွတ်လောင်းလှူ အလှူရှင် ၂၀၀ ဦးခန့်ရှိပြီး စုစုပေါင်းသင့်ငွေ ကျပ် ၅၀၆၂၇၁၉၅ဝ ရှိကြောင်း၊ အများဆုံးအလှူရှင်အဖွဲ့မှာ ဝေဘူချောင်တွင် တရားလိုက်စားနေကြသည့် သံဃာတော်များ၊ သီလရှင်များ၊ ယောဂီများ စုပေါင်းလှူဒါန်းသည့် အလှူရှင်အဖွဲ့ဖြစ်ကြောင်း၊ ၎င်းတို့လောင်းလှူသည့်ပစ္စည်းများ၏ စုစုပေါင်းသင့်ငွေမှာ ကျပ် ၃၆၇၆၁၃ဝဝ ဖြစ်ပြီး ဒုတိယအများဆုံးအလှူရှင်မှာ ကောင်းလိုက်(မီနီစတိုး) မိသားစုမှ ကျပ်သိန်း ၂ဝဝ ဖြစ်ကြောင်း သိရသည်။
ထိုသို့လှူဒါန်းခဲ့သော အလှူရှင်များ၏ ဒါနကောင်းမှုအစုစုတို့အတွက် မွန်းလွဲ ၃ နာရီတွင် လက်ရှိ တတိယဝေဘူဆရာတော် ဘဒ္ဒန္တဉာဏိန္ဒက ရေစက်သွန်းချ အနုမောဓနာဟောကြား ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)


