ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ခန္ဓါကိုယ်ကို အရိုး၊ ကြွက်သား၊ အကြော၊ အရွတ်၊ အရိုးနုတို့နဲ့ ဖွဲ့စည်းထားတာပါ။ ဒီအစိတ်အပိုင်းတွေအားလုံး ကျန်းမာပြီး ကိုယ့်တာဝန်ကိုယ်ကျေမှ ခန္ဓါကိုယ်က အကောင်းဆုံး လှုပ်ရှားနိုင်မှာပါ။ အဆစ်နေရာတွေကိုကောင်းကောင်းကွေးနိုင်ဆန့်နိုင်စေဖို့အတွက် အဓိက လုပ်ဆောင်နေတဲ့ အစိတ်အပိုင်းလေးတစ်ခုလည်းရှိပါတယ်။ ဒါကတော့ အရိုးနုပါ။ အရိုးနုလေး တွေ ကျန်းမာနေလို့သာ ခန္ဓါကိုယ်က အဆစ်တွေကို အကောင်းဆုံး အသုံးချပြီး ကွေးနိုင် ဆန့်နိုင် တာပါ။ ဒီတစ်ခေါက်တော့ကွေးလိုက်ဆန့်လိုက်တိုင်းမှာ အဆစ်ထဲက နာတာ ၊ တကျွတ်ကျွတ် မြည်သံတွေထွက်တာကနေကင်းဝေစေဖို့အတွက် အရိုးနုလေးတွေ ကျန်းမာအောင် စားပေးသင့်တဲ့ အစားအစာလေးတွေအကြောင်းပြောပြပေးပါရစေနော်။
အရိုးနုက ဒီလောက်ထိအရေးပါတာပါ
အရိုးနုဆိုတာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ တွယ်ဆက်တစ်ရှုးလို့ သိထားကြပြီး ခန္ဓါကိုယ်နေရာအနှံ့မှာရှိနေနိုင် ပါတယ်။ အရိုးနုလေးတွေ ကျန်းမာ ကောင်းမွန်နေလို့သာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို လိုသလို အကွေးအဆန့်လုပ်ပြီး လှုပ်ရှားနိုင်နေတာပါ။
တကယ်လို့ အရိုးနုလေးတွေသာထိခိုက်ပျက်စီးသွားမယ်ဆိုရင်ရောင်ရမ်းနာကျင်တာ၊ အကြောတွေ တင်းတောင့်နေတာ၊ နာကျင်တာတွေခံစားရနိုင်ပါတယ်။ ဒီအခြေအနေကနောက်ပိုင်းမှာ အဆစ်အမြစ်တွေရာင်ရမ်းနာကျင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။
အရိုးနုလေးတွေကျန်းမာစေဖို့ ဘာတွေစားရမလဲ
ပဲတောင့်ရှည်
ပဲတောင့်ရှည်က နာကျင်ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလျော့ကျဖို့ဆိုရင် ကိုယ်တွင်းမှာကော်လာဂျင်ပရိုတင်းပြည့်ဝနေဖို့ကလည်း မဖြစ်မနေလိုအပ်မှာပါ။ ပဲတောင့်ရှည်ကိုပုံမှန်စားသုံပေးမှုက အရိုးနုလေးတွေ ကျန်းမာနေစေဖို့ လိုအပ်တဲ့ ကော်လာဂျင်ကို ပြည့်ပြည့်ဝဝရရှိစေနိုင်ပြီး အရိုးနုလေးတွေ ပျက်စီးခဲ့ရင်တောင် ပြန်လည်ကောင်းမွန်အောင် အားဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ပဲအမျိုမျိုး၊မြေပဲနဲ့ ပဲနီလေးတို့လိုမျိုး ပဲတွေစားသုံးပေးတာကလည်း အရိုးနုကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်မှာပါ။
လိမ္မော်သီး
အရိုးနုလေးတွေအတွက် လိုအပ်တဲ့ ပရိုတင်းဖြစ်တဲ့ကော်လာဂျင်ကို ထုတ်လုပ်ဖို့ ခန္ဓါကိုယ်မှာ ဗီတာမင် C လိုအပ်မှာပါ။ ဒီဓါတ်ကို လိမ္မော်သီးက အပြည့်အဝရရှိစေနိုင်ပါတယ်။ အရိုးနုတွေ ပျက်စီးသွားခဲ့ရင်တောင် ကော်လာဂျင် ပရိုတင်းပြည့်ပြည့်ဝဝ ရရှိမယ်ဆိုရင် ပြန်လည် ကောင်းမွန် စေနိုင်တာကြောင့် ကော်လာဂျင်ပြည့်ယနေစေဖို့အတွက် လိုအပ်တဲ့ ဗီတာမင် C ကပြည့်ဝနေမှ ဖြစ်မှာပါ။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ လိမ္မော်သီးအပြင် ဗီတာမင် C ပြည့်ဝစွာ ပါဝင်နေတဲ့ ကီဝီသီး၊ ငရုတ်ပွ၊ ကိုက်လန်၊ စတော်ဘယ်ရီတို့ကို ထည့်သွင်း စားသုံး ပေးသင့်ပါတယ်။
သလဲသီး
သလဲသီးက ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို နာကျင်ရောင်ရမ်းမှုကိုလည်း လျော့ပါး သက်သာ စေနိုင်ပါတယ်။ ဒါကြောင့်အရိုးနုလေးတွေကျန်းမာစေဖို့ စားသုံးသင့်တဲ့ အစားအစာ တွေထဲမှာ သလဲသီးကိုမေ့ထားလို့ မဖြစ်ပါဘူး။ တစ်ပတ်ကို တစ်ကြိမ်လောက်ဖြစ်ဖြစ်တော့ သလဲသီးစားပေးပါ။
လက်ဖက်စိမ်းရေနွေးကြမ်း
လက်ဖက်စိမ်းရေနွေးကြမ်းက ကျန်းမာရေးကောင်းစေတယ်ဆိုတာကတော့ အာလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ ဒီလိုမျိုး များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ အရိုးနု လေးတေွကို ကျန်းမာစေတာကလည်း တစ်ခုအပါအဝင်ပေါ့။ လက်ဖက်စိမ်း ရေနွေးကြမ်းမှာပါတဲ့ catechins နဲ့ polyphenolsဒြပ်ပေါင်းတွေက အရိုးနုကို ကျန်းမာစေဖို့ အထောက်အကူ ပြုပေးပါတယ်။ ဒါကြောင့်နေ့စဉ်လက်ဖက်စိမ်းရေနွေးကြမ်းလေးတစ်ခွက်လောက်သောက်ပြီး ခန္ဓါကိုယ် ကျန်းမာအောင် ဂရုစိုက်လိုက်ပါ။
ဆန်လုံးညို
အဆစ်တွေ နာတဲ့အခါ အသုံးပြုတဲ့အရာတစ်ခုရှိပါတယ်။ ဒါကတော့hyaluronic acid ပါ။ ဒီအက်ဆစ်က အဆစ်တွေလှုပ်ရှားလို့ကောင်းအောင်ချောဆီအဖြစ်လုပ်ဆောင်ပေးပါတယ်။ အရိုးနု ပျက်စီးတာလိုမျိုး အသေးစား ကိစ္စတွေကို ကုသရာမှာ hyaluronic acid ကို အသုံးပြုကြတာပါ။ ဒီအက်ဆစ်ကို အစားအသောက်ကနေရရှိနိုင်မယ့် အရင်းအမြစ်က ဆန်လုံးညိုပါ။ ဒါကြောင့် နေ့စဉ်လှုပ်ရှားမှုမှာ အရေးပါတဲ့ အရိုးနုလေးတွေ မပျက်စီးဖို့ဆိုရင် ဆန်လုံးညိုကိုလည်း စားသုံးပေးဖို့ လိုပါလိမ့်မယ်။ ဆန်လုံးညိုအပြင် မုန်လာဥနီ၊ အမဲသား၊ ဖရုံစေ့တို့ကိုလည်း စားသုံးပေးလို့ရပါတယ်။
အခွံမာသီးတွေ
ခန္ဓါကိုယ်မှာhyaluronic acid များစေဖို့အတွက် ဒီအက်ဆစ်ဓါတ်ကိုကောင်းကောင်းစုပ်ယူနိုင်စေဖို့ ခန္ဓါကိုယ်က မဂ္ဂနီဆီယမ်ကို လိုအပ်မှာပါ။ မဂ္ဂနီဆီယမ်ကို ရရှိဖို့ဆိုရင် အခွံမာသီးတွေဖြစ်တဲ့ သစ်ကြားသီး၊ နှမ်းတို့လိုမျိုး အရာတွေကိုစားသုံးပေးဖို့လိုအပ်ပါမယ်။ မက်ကာရယ်၊ တူနာတို့လိုမျိုး ပင်လယ်ငါးတွေမှာလည်း မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။
သံလွင်ဆီ
ဟင်းလျာတွေကို အရသာကောင်းမွန်စေဖို့အတွက် သံလွင်ဆီကိုထည့်ချက်ကြပါတယ်။ သံလွင်ဆီက ဟင်းလျာတွေကို အရသာကောင်းစေရုံတင်မဟုတ်ပါဘူး။ ခန္ဓါကိုယ်လှုပ်ရှားမှုအတွက် အရေးပါတဲ့ အရိုးနုလေးတွေကိုပါကျန်းမာစေနိုင်ပါတယ်။
နေ့စဉ်တိုင်းမှာ ကောင်းကောင်းလှုပ်ရှားနိုင်စေဖို့အတွက် ကျန်းမာတဲ့အရိုးနုလေးတွေကို ပိုင်ဆိုင်နိုင်စေဖို့ အခုပြောခဲ့တာလေးတွေကို စားသုံပေးဖို့ တိုက်တွန်းပါရစေ။
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”