နေပြည်တော် ၂၀ နိုဝင်ဘာ
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ "ကလေးအလုပ်သမား ပပျောက်ရေး"ခေါင်းစဉ်ဖြင့်ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက် အမှတ်(၁) ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုက အဖွင့်အမှာစကား ပြောကြားပြီး ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဆွေဆွေမိုး က ပြည်သူ့စကားဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းကို နေပြည်တော် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး တပ်ဖွဲ့ စုမှ ဒုရဲမှူးသူဇာလွင်၊ စာရေးဆရာမ ဒေါ်သက်သက်နွယ်၊ ဥတ္တရခရိုင်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ပွင့်ဖြူစင်သက်၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ခန့်မင်းငွေ နှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်အောင်ဌေးတို့က ကလေး အလုပ်သမား ဖြစ်ပွားရသည့်အကြောင်းနှင့် ပပျောက်ရန်နည်းလမ်းများ၊ ဥပဒေနှင့်ပြစ်မှု ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက်နှင့် လုပ်ငန်းစဉ်များ၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အခြေခံပညာ သင်ယူပြီးမြောက်အောင် ဆောင်ရွက်ရန် နည်းလမ်းများ၊ အခမဲ့ပညာ သင်ကြားခြင်းနှင့် ကလေးဘဝမြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် ရက်ကွက်နေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် ပြည်သူ့စကားဝိုင်းကို ကျင်းပခဲ့သည်မှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း (၁၀)ကြိမ်မြောက်ရှိပြီဖြစ်ပြီး အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ရွှေနံ့သာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)


