ဂန့်ဂေါ   ၂၀   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နှင့် ဇာဟောကျေးရွာသို့ ဆက်သွယ်သွားလာနိုင်သည့် မြစ်သာမြစ်ကူး ရေငယ်တံတားကို ယမန်နေ့နံနက် ၆ နာရီက စတင်ပြုလုပ်ခဲ့ရာ ယနေ့ နံနက်တွင် ဆောက်လုပ်ပြီးစီးနေပြီဖြစ်သည်ကို တွေ့ရသည်။

 

ထို့သို့ဆောက်လုပ်ရာတွင် ဇာဟောမြောက်ကျောင်းဆရာတော် ဦးသောမ၊ ဇာဟော  တောင်ကျောင်း ဆရာတော် ဦးဇောတိကနှင့် ကျူတောဆရာတော် ဦးဇာဂရိယ တို့ ဦးဆောင်မှု ဖြင့် ကျေးရွာသားများ ၁၅၀ ကျော်နှင့် ဂန့်ဂေါမြို့ စည်ပင်သာယာရပ်ကွက်မှ လူဦးရေ ၂၀ ကျော်ဖြင့် ပူးပေါင်း ဆောက်လုပ်ကြကြောင်း သိရသည်။

 

" ဇာဟောကျေးရွာမှ ထွက်ရှိတဲ့ ပန်းမာလ်များ၊ သီးနှံများကို ဂန့်ဂေါကို အလွယ်တကူ သွားလာရောင်းချနိုင်ပြီး၊ ဂန့်ဂေါမှ လိုအပ်သည့်ပစ္စည်းများကို အလွယ်တကူဝယ်ယူနိုင်တယ်၊ ယာယီ ရေငယ်တံတားကြောင့် ဇာဟောကျေးရွာတွင်သာမက လုံဟောကျေးရွာတွင်လည်း ဆက်သွယ်သွားလာလို့ အဆင်ပြေပြီး၊ ထိုယာယီရေငယ်တံတားကို နိုဝင်ဘာလမှ ဇွန်လထိ ဆက်သွယ် သွားလာနိုင်ပါတယ်၊ တံတားမရှိတဲ့ရာသီမှာ လှေနဲ့ကူးကြရပါတယ်၊ ယာယီ ရေငယ် တံတား နေရာတွင် ရာသီမရွေး သွားလာနိုင်တဲ့ တံတားရှိရင် သိပ်ပြီး အဆင်ပြေမှာ ပဲလို့ တောင့်တ မှုတွေ ဖြစ်ရပါတယ် ”ဟု ဇာဟောကျေးရွာမှ ကိုဇော်မျိုးထွဋ်က ပြောသည်။

 

အဆိုပါ တံတား ဆောက်လုပ်စဉ် ကာလတွင် ဂန့်ဂေါမြို့ စည်ပင်သာယာ (ခင်သာ) ရပ်ကွက်မှ စေတနာရှင် ဒေါ်ဝင်းကြည်နှင့် ဒေါ်နွဲ့ကြည် မိသားစုက အဟာရကုသိုလ်ပြု ကျွေးမွေးလှူဒါန်း ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင် (ပြန်ဆက်)