မန္တလေး  ၂၀  နိုဝင်ဘာ  

 

မန္တလေးမြို့၏ သက်တမ်းအရှည်အကြာဆုံး အဆာဟိ ကရာတေးအသင်းကြီး နှစ်(၅၀)ပြည့် ရွှေရတု အထိမ်း အမှတ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်း၌ မြို့တော်ခန်းမ(၁)တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

 

၂

 

 “ စည်ကမ်းကျတာရယ်၊ နည်းစနစ်နဲ့ ပညာပိုင်းကို အစစ်အမှန်ဖြစ်အောင် ဦးစားပေး ကစားတာရယ်ကြောင့် ဖြစ်ပါမယ်။ နောက်ပြီး သင်တန်းလာတက်တဲ့ ကလေးတွေကို လိမ္မာ ရေးခြား ရှိအောင် အရိုသေပေးတာကအစ အသေးစိတ်သင်ကြားပေးတယ်။ ကရာတေး ပညာကို သိစေချင် ပြန့်ပွားစေချင်တာရယ်ကြောင့် အခုလိုအခမ်းအနားမျိုး လုပ်ဖြစ်ဖို့ စီစဉ်ခဲ့တာပါ ” ဟု နည်းပြချုပ် ဆရာဦးကျော်ညွန့်က ပြောသည်။

 

ရွှေရတု အထိမ်းအမှတ်ပွဲတွင် ရန်ကုန်၊ ထားဝယ်၊ ဘိတ်၊ ချင်းပြည်နယ်၊ မော်လမြိုင်၊ မုံရွာစသည့် မြို့များမှ အသင်းသားဦးရေ (၄၀ဝ)ဝန်းကျင် ပါဝင်သရုပ်ပြမှု၊ မိတ်ဆုံ ညစာစားပွဲကိုလည်း ထည့်သွင်း ကျင်းမည်ဖြစ်ကြောင်းနှင့် ဒီဇင်ဘာလ (၂)ရက်နေ့တွင် လက်ရှိအသင်းတည်နေရာတွင် အာစရိယပူဇော်ပွဲ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

 “ ကရာတေးက ကိုယ်လက်လှုပ်ရှားတဲ့ ပညာဖြစ်လို့ ခန္ဓာကိုယ်ကျန်းမာပြီး မိမိကိုယ်ကို ကာကွယ်နိုင်တဲ့အတွက် ယုံကြည်မှုတွေ ရှိလာမယ်။ လူမှုဆက်ဆံရေးကောင်းအောင်လည်း သင်ကြား ပေးတယ်။ အဲလို အကျိုးကျေးဇူးတွေကြောင့် သင်တန်းလာတက်တဲ့ ကလေးတွေရဲ့ မိဘတွေနှင့် မျက်မြင် ကိုယ်တွေ့ သိတဲ့သူတွေက လက်ဆင့်ကမ်း ပြောကြရင်း အသင်းကြီးက အခုလို ရေရှည် ရပ်တည်နိုင်တာ ဖြစ်မယ် ဟု လက်ထောက်ဆရာ ဦးခင်မောင်တိုးက ပြောသည်။

 

မန္တလေးမြို့ အဆာဟိ ကရာတေးအသင်းကြီးကို ၁၉၆၉ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့က ဒါးတန်းဦးသန့်၏ ဝန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃ခုနှစ်တွင် ၂၃လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြား (Diocesan) ဘုရားဝင်းအတွင်းတွင် လက်ထောက်ဆရာ ၁၅ဦးဖြင့် ပုံမှန် သင်ပေးလျက် ရှိကြောင်းနှင့် ၁၉၉၂ခုနှစ်မှ ၂၀ဝ၀ခုနှစ်ထိ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင်များ ပေါ်ထွက်ခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ခါးစည်းအနက်ဦးရေ ၃၀ဝနှင့် ၅၀ဝ ကြား သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

 

တင်ဇာလှိုင် (ပြန်/ဆက်)