ပဲခူး ၂၀  နိုဝင်ဘာ

 

ပဲခူးမြို့ ကလိကျေးရွာ ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ ကလိလက်ကားဈေး(Whole Sale Centre)စီမံကိန်းရှိ ပွဲရုံများနှင့်ပတ်သက်၍ တွေ့ဆုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

၂

 

ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး Grand Style Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက ကလိလက်ကားဈေး စီမံကိန်းရှိ ပွဲရုံများနှင့်ပတ်သက်၍ သေးစိတ် အခြေအနေများကို power point ဖြင့်ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာသူများက ပွဲရုံဆိုင်ခန်းများနှင့်ပတ်သက်၍ သိလိုသည်များက မေးမြန်းရာ ကုမ္ပဏီမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

 

အဆိုပါ လက်ကားဈေးကို ပဲခူးမြို့တွင်းသန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့တွင်းရှိစီးပွား ရေးလုပ်ငန်းများကို သီးခြား စုစည်းတည် ဆောက်ကာ စနစ်တကျဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။

 

ဆိုင်ခန်းများကို (၁)နှစ်အတွင်း (၁၂)ကြိမ်အရစ်ကျငွေပေးချေစနစ်ဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး တစ်နှစ်အတွင်းအတိုးပေးရန်မလိုအပ်ဘဲ အရစ်ကျ ဝယ်ယူရန် ချေးငွေလိုအပ်ပါက ဘဏ်များ နှင့်လည်း ချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ကားဈေးတွင် ပွဲရုံလုပ်ငန်းများ၊ လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ခြင်းလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိ ယာနှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များ၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ စက်ဘီးနှင့်အပိုပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ကဖေးနှင့် စားသောက်ဆိုင်များ၊ အဝေးပြေးကားဂိတ်နှင့် ကုန်တင်ကားဂိတ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)