ကလိန်အောင် ၂၀ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ရတနာလူမှု စီးပွားစီမံကိန်း စိုက်ပျိုးမွေးမြူရေးအဖွဲ့ တာဝန်ခံဦးစိုင်းစံပွင့်က တောင်သူများအား သံပုရာပင် စိုက်ပျိုး၊ ပြုစု၊ထိန်းသိမ်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးကြောင်း သိရသည်။
ထို့သို့ သင်ကြားပို့ချရာတွင် ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ်ကုမ္ပဏီ ရတနာ လူမှုစီးပွား စီမံကိန်း စိုက်ပျိုးမွေးမြူရေးအဖွဲ့တာဝန်ခံဆရာဦးစိုင်းစံပွင့်က သံပုရာအမြစ်ပုပ်ခြင်းအကြောင်း၊ သံချေး တက်ခြင်း၊ အရွက်ဝါခြင်း၊အရွက်သေးခြင်း၊ အကိုင်းဖျားခြောက်ခြင်း၊ အသီးပိုးထိုးခြင်း၊ အပင်လှပြီး ပန်းမလိုက်ခြင်း၊ အရွက်စုပြီးပိုးကျခြင်း၊ မှိုရောဂါကျရောက်ခြင်း၊ အကိုင်းအပင် ရေညှိတက်ခြင်း အကြောင်းတို့ကို ပို့ချပေးပြီး တောင်သူများနှင့်သိရှိလိုသည်များကို အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော တောင်သူများအား သံပုရာ ကိုင်းဖြတ်ခြင်းနှင့် ပိုးမွှားရောဂါ အကြောင်းတို့ကို အမှတ်(၃)ရပ်ကွက်ရှိ ဦးဉာဏ်ထွန်း သံပုရာခြံသို့ ကွင်းဆင်းပြီး လက်တွေ့ပြုလုပ် သင်ကြားခဲ့ကြသည်။
အဆိုပါ သံပုရာပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းနည်းသင်တန်းသို့ ကလိန်အောင်မြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသက်ခိုင်၊ ကလိန်အောင်မြို့အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင် (ပြန်/ဆက်)


