ယင်းမာပင် ၂၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသော သက်လျင် စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှု အရည်အသွေး စစ်ဆေးမှုလက်တွေ့ဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီက မြောက်ယမား ဆည်ရေသောက်ဒေသ ငါးမောင်းစိုက်ပျိုးရေးသုတေသနစိုက်ကွင်း၌ ပြုလုပ် ကြောင်း သိရသည်။
ဒေသနှင့်ကိုက်ညီသော သက်လျင်စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် စားသုံးမှုအရည်အသွေးစစ်ဆေးမှုလက်တွေ့ဆောင်ရွက်ရခြင်းမှာ တောင်သူများ အနေဖြင့် မိမိတို့ဒေသနှင့် ကိုက်ညီသော သက်လျင်စပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရန် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးပညာပေးဌာနခွဲ(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင့်နိုင်ဦး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုတို့က အဖွင့်အမှာစကား ပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန(IRRI)မှ ဒေါ်တင်တင်မြင့်က စမ်းသပ်ကွက် စိုက်ပျိုးရခြင်း ရည်ရွယ်ချက်များ၊ PVS စမ်းသပ်ကွက်များမှရရှိသည့် စိုက်ပျိုးထားသော မျိုးများ၏ စပါးနှင့် ဆန်းများကို တောင်သူများကိုယ်တိုင် လက်တွေ့လေ့လာစေခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တောင်သူများနှင့် ဝန်ထမ်းများက စမ်းသပ်ကွက်များတွင်စိုက်ပျိုးထားသော ဧကရီမွှေး၊ ပြည်တော်ရင်၊ ရွှေပြည်ဌေး၊ ရွှေပြည်မွှေး၊ ထိုင်းနှံကောက်၊ ရွှေမနော်၊ ဆားငန်ခံ-၅၊ ရေအနည်းလို-၄၊ Yn 3312-7-1UI-9၊ ဆားငန်ခံ-၆၊ ရေအည်းလို-၇၊ IR10M179၊ ရက်-၉၀(CK)နှင့် ဆင်းသုခ(CK)စပါးမျိုး များကို လက်တွေ့ပါဝင် ပူးပေါင်း ရွေးချယ်ခဲ့ကြသည်။ ယင်းနောက် ပူးပေါင်းရွေးချယ်မှုများမှ ရွေးချယ်မှု အများဆုံး စပါးမျိုး ၄ မျိုးကို စားသုံးမှု အရည်အသွေး စစ်ဆေးမှု အဖြစ် လက်တွေ့ချက်ပြုတ်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လျင်စပါးမျိုးများအား တောင်သူများပူးပေါင်းပါဝင် မျိုးရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးပညာပေး ဌာနခွဲ(နေပြည်တော်)မှ လက်ထောက်ညွှန်ကြားရေးမှူး၊ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန(IRRI)အဖွဲ့ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)


