နေပြည်တော် ၂၀ နိုဝင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ်( ၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထား လာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍  လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေး လျက်ရှိပါသည်။

 

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ (၁၅-၁၁-၂၀၁၉) ရက်က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေးတွင် (၁၆-၉-၂၀၁၉)ရက်မှ (၁၀-၁၀-၂၀၁၉) ရက်အထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ ငါးဦးကိုလည်းကောင်း၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ဂျာနယ် မဂ္ဂဇင်း နှစ်ဦး၊ အထွေထွေ ၁၂ ဦး၊ ပေါင်း ၂၄ ဦးကိုလည်းကောင်း၊ သတင်း အေဂျစ်စီ လုပ်ငန်း လျှောက်ထားသူ ၁၀ ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။

 

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများပြဌာန်းသည့် (၁၀-၁၀-၂၀၁၄)ရက်မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၀၈ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၇၃၇ ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၂၃၉ ဦး၊ စုစုပေါင်း  ပုံနှိပ်ခြင်း ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၅၈၄ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။

 

ပြန်ကြားရေးဝန်ကြီးဌာန