မြစ်ကြီးနား ၂၁ နိုဝင်ဘာ

                                               

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်ရှိ တရုတ်ယူနန်ဘုံကျောင်း အစည်းအဝေး ခန်းမတွင် နိုဝင်ဘာ ၂၀ရက် မွန်းလွဲ ၁နာရီ၁၅မိနစ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတသံရုံးမှ ကချင်ပြည်နယ်အတွင်းနေ ဒေသခံ ပြည်သူများ အသုံးပြုရန်နှင့် လိုအပ်သည့် စား‌သောက်ဖွယ်ရာများအား လူသားချင်းစာနာထောက်ထားမှုဖြင့် ထောက်ပံ့ ပေးအပ်ပွဲကို ကျင်းပပြုလုပ် ခဲ့သည်။

 

2

 

ရှေးဦးစွာ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Haiမှ တရုတ်-မြန်မာဆက်ဆံရေး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒေသတွင်း ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေ ပါကြောင်း၊ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များတွင်လည်း မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ပါကြောင်း၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း နေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာ ထောက်ထားမှုအရ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းမှ တရုတ်နိုင်ငံသို့ သွားရောက် လေ့လာမှု တွေ့ရှိချက်များ၊ မြန်မာနှင့် တရုတ်နှစ်နိုင်ငံဆက်ဆံရေး အခြေအနေများ၊လူသားချင်း စာနာ ထောက်ထားမှု အစီအစဉ်အရ ယနေ့လှုဒါန်းမှုအစီအစဉ်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ခဲ့သည်။

 

ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Haiမှ မြစ်ကြီးနား ပြည်သူ့ ဆေးရုံတွင် အသုံးပြုရန် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများအား ဆေးရုံအုပ်ကြီး ဒေါက်တာ ဘုန်းမော်နှင့် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်အေးတို့အား ဆေးရုံသုံး ပစ္စည်းများအား လည်းကောင်း၊မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ဝင်း ထံသို့ သင်ကြားရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား လည်းကောင်း၊ မြစ်ကြီးနားမျက်မမြင် ကျောင်းအုပ်ကြီး ဦးလမုန်ဂမ်ဖန်ထံသို့ မျက်မမြင်ကျောင်းသို့ ဆန်၊ဆီနှင့် စောင်ထူများအားလည်းကောင်း၊ ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေး ဖောင်ဒေးရှင်း ဥက္ကဌ ဦးခက်ထိန်နန် ထံသို့ ဆေးဝါးပစ္စည်များအား အသီးသီး လွှဲပြောင်း ထောက်ပံ့ ပေးအပ်ရာ လက်ခံရယူသူများမှ အသီးသီး ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

ထို့နောက် မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် အခမဲ့ ဆေးကုသရေး ဖောင်ဒေးရှင်းဥက္ကဌ ဦးခက်ထိန်နန်တို့က အသီးသီး ကျေးဇူးတင်စကားများ ပြောကြားပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးကြပြီး အဆိုပါ လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှုဒါန်းပွဲတွင် ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများ၊တက္ကသိုလ် ကျောင်းသား/သူများ အတွက် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါး ပစ္စည်းများ၊ ဆန်၊ဆီနှင့် အနွေးစောင်များ၏ စုစုပေါင်းတန်ဖိုးငွေမှာ တရုတ်ယွမ်ငွေ (၄)သိန်း ဖြစ်ကြောင်း သတင်းရရှိသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)