မြစ်သား  ၂၁    နိုဝင်ဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မြန်မာနိုင်ငံတွင်းရှိ အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နှင့် မြန်မာနိုင်ငံ၌(၂၀၂၃)ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုး ရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်ရေးရရှိစေရန် စသည့် ရည်ရွယ်ချက် (၂)ရပ်ဖြင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်း ဆောင်ရွက်မည့်အစီအစဉ် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က အဖွင့်အမှာစကား နှင့်အတူ ဝက်သက်-ဂျိုက်သိုးရောဂါ၏သဘောသဘာဝများနှင့် ရောဂါမဖြစ်ပွားစေရေး ဆောင်ရန်/ ရှောင်ရန် အချက်အလက်များကိုဆွေးနွေးပြောကြားပြီး မြစ်သားမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်းက  ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိန်ပိုက ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အား ဆေးထိုးပြီးအန္တရာယ်ရှိနိုင်သည့်ကလေးများမှလွဲ၍ အသက် ၉လမှ ၅နှစ်ခွဲအထိ ကျန်ကလေး များအားလုံးကို ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးခြင်းအား ကာကွယ်ဆေး ထိုး စုရပ်အလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို မြစ်သားမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ(၂၆)ရက်မှ (၂၈)ရက်အတွင်း ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်