ရန်ကုန်  ၂၁   နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ (၄၇) ပါးစုံညီတတိယအစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်(၈)နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဦးမြင့်ဦး၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၊ ဒုတိယ ပါမောက္ခချုပ် (စီမံ) ဦးစိုးမင်းထွန်းနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက သဘာပတိအဖြစ် ဆောင်ရွက် တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သေဋ္ဌိလက အခမ်းအနားမှူး အဖြစ် ဆောင်ရွက်တော်မူသည်။

 

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူ လာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ အကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တ တေဇောသာရာဘိဝံသ က တင်သွင်း လျှောက်ထားသည်။

 

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာအကျယ်ကို အဖွဲ့ဝင် ဆရာတော်ကြီး များက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

 

ယင်းနောက် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြ လျှောက်ထားရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန် ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာ နာယက ဆရာတော် ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဖခင် ဦးမောင်မောင်နှင့် မိခင်ဒေါ်ခင်ခင်ကြီးတို့အား ရည်စူး၍ သမီးဒေါ်ပြုံးဝေသီ (သဒ္ဓမ္မဇောတိကဓဇ)၊ နေ့ဆွမ်း အလှူရှင်အဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့် ဇနီးဒေါ်ကြိုင်ကြိုင် မိသားစု၊ ဒုတိယဗိုလ်ချုပ် မှူးကြီး မောင်အေး (ငြိမ်း)နှင့် ဇနီးဒေါ်မြမြစန်း မိသားစု၊ (မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး) (ငြိမ်း)နှင့် ဇနီးဒေါ်ခင်သန်းနွဲ့ မိသားစု၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (ငြိမ်း)နှင့် ဇနီးဒေါ်ခင်ခင်ဝင်းမိသားစု၊ မဟာသရေစည်သူ ဗိုလ်ချုပ်ကြီး စိုးဝင်း(ငြိမ်း) နှင့်ဇနီး ဒေါ်သန်းသန်းနွဲ့မိသားစု၊ မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး(ငြိမ်း) နှင့်ဇနီး(ဒေါ်ကြည်ကြည်အုံး) မိသားစု၊ ဇေယျကျော်ထင် ဗိုလ်ချုပ် တင်ငွေ(ငြိမ်း) ဇနီးဒေါ်နန်းခင်လှဝင်း မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း(ငြိမ်း)နှင့် ဇနီးဒေါ်မာလာတင့်မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး(ငြိမ်း)နှင့်ဇနီး ဒေါ်ခင်နှင်းဝေ မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို(ငြိမ်း)နှင့်ဇနီး ဒေါ်ခင်လေးမြင့် မိသားစု၊ မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း(ငြိမ်း)နှင့် ဇနီး(ဒေါ်စမ်းစမ်းရီ) မိသားစုနှင့် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်(ငြိမ်း)နှင့် ဇနီး ဒေါက်တာ ဒေါ်တင်လင်းမြင့် မိသားစု တို့က ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

(သတင်းစဉ်)