နေပြည်တော်  ၂၁   နိုဝင်ဘာ

 

(၈) ကြိမ်မြောက် မြန်မာနိုင်ငံရေးသင်တန်းကျောင်း Myanmar School of Politics (MySoP) သင်တန်းဆင်းများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၄ နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr. Wouter Jurgens နှင့် ဖင်လန်နိုင်ငံ သံအမတ်ကြီး Mrs. Riikka Laatu ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ သင်တန်းဆင်း များနှင့် နိုင်ငံရေးပါတီအသီးသီးမှ သင်တန်းဆင်းများ၊ NIMD / Demo Finland အဖွဲ့မှ တာဝန်ရှိသူများနှင့် MySoP အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

 

ပထမဦးစွာ တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ ရေးသင်တန်းကျောင်း MySoP သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် Netherlands Institute for Multiparty Democracy (NIMD) နှင့် Political Parties of Finland for Democracy (Demo Finland) တို့၏ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ရှင်သန်တိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးနေသည့် သင်တန်းကျောင်းတစ်ခု ဖြစ်ပါကြောင်း၊ MySoP အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများ၏ ဒီမိုကရက်တစ် အခန်းကဏ္ဍ တိုးမြှင့်စေရန်နှင့် နိုင်ငံရေးပါတီစုံ စကားအပြန်အလှန်ပြောဆို ဆွေးနွေးခြင်းအလေ့အထများ အားကောင်းလာစေရန် အဓိကထားပံ့ပိုးပေးလျက်ရှိပြီး လက်ရှိတွင် သင်တန်းဆင်းဦးရေ (၂၅၀) ဦး ခန့်ရှိပြီဖြစ်ပါကြောင်း၊ ယခုသင်တန်းဆင်းများဖိုရမ်တွင် မဲဆွယ်စည်းရုံးခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်ကတည်းက လိုက်နာကျင့်သုံး ခဲ့သည့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ် Code of Conduct (CoC) ကို ကာလအခြေအနေနှင့် ကိုက်ညီမှုရှိစေရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၏ မဲဆွယ်စည်းရုံးကာလများတွင် (CoC) နှင့်အညီ လိုက်နာ ဆောင်ရွက်ခဲ့သည့်အပြင် စေ့စပ်ညှိနှိုင်းရေးကော်မတီများ ဖွဲ့စည်းခဲ့ခြင်းကြောင့် ပဋိပက္ခများ၊ အငြင်းပွားမှုများ လျော့နည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး အလေးထားဆွေးနွေး စေလိုပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများသည် စဉ်ဆက်မပြတ်ရှင်သန်နေရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ ရေရှည်တည်တံ့ပြီး နိုင်ငံအကျိုးသယ်ပိုး ဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒတစ်ထပ်တည်းကျစေရေး ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပ ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး၊ ဖင်လန်နိုင်ငံ သံအမတ်ကြီး နှင့် NIMD/Demo Finland အဖွဲ့မှ တာဝန်ရှိသူများက အမှာစကားအသီးသီး ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

 

( သတင်းစဉ် )

 

IMG_026