ရန်ကုန် ၂၁ နိုဝင်ဘာ
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောက်စဖို့ဒ် ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၏ သက်တော်(၅၅)နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်ထုတ်ဝေသည့် “ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ”စာအုပ် မိတ်ဆက်ပွဲ၊ ဗုဒ္ဓဘာသာသင်ရိုးကိုင်စာအုပ်များ လှူဒါန်းခြင်းနှင့် စာပေစကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နန်းဒေဝီစာပေမှ ဒေါ်နန်းအိအိဇာက ဆရာတော်၏ ဝိဇာတ မွေးနေ့ အခမ်းအနားနှင့်ပတ်သက်၍ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာတော် ရေးသားထုတ်ဝေသည့် “ဘဝနှင့်စိတ်ပိုင်းဆိုင်ရာဓမ္မ အတွေးအမြင်များ” စာအုပ်ကို ဆရာတော်ထံ ဆက်ကပ်သည်။
ဆက်လက်၍ ဆရာတော်ဒေါက်တာအရှင်ဓမ္မသာမိက မြန်မာနိုင်ငံအနှံ့အပြားရှိ သီလရှင်ကျောင်း(၂၂) ကျောင်းသို့ ဗုဒ္ဓဘာသာသင်ရိုးကိုင်စာအုပ်များကို လှူဒါန်းရာ ကျောင်းတိုက်များကိုယ်စား သီလရှင်ဆရာလေးများက လက်ခံရယူကြသည်။
ယင်းနောက် ဆရာတော်၏ သာသနာပြုလုပ်ငန်းများအတွက် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ဒေါ်စိုးယုပိုင်က အောက်စဖို့ဒ် ဆရာတော်ရေးသားပြုစုခဲ့သည့် စာစုစာရင်းနှင့် အတွေးအမြင်စာအုပ်များ အကြောင်းကို မိတ်ဆက်ပြောကြားသည်။
ထို့နောက် “စာကြည့်တိုက်ကမ္ဘာထဲက ဗုဒ္ဓဘာသာစာကြည့်တိုက်များ” စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ဆရာတော်နှင့်အတူ ဆရာလင်း(ဆေး-၁)က Moderator အဖြစ် ဆောင်ရွက်ပြီး ဆရာမောင်ကောင်းမြင့်၊ ဆရာမောင်ဇေယျာတို့က ကမ္ဘာ့ တစ်ဝန်းရှိ ဗုဒ္ဓစာကြည့်တိုက်များ၊ မြန်မာနိုင်ငံရှိဗုဒ္ဓဘာသာ စာကြည့်တိုက်များအကြောင်း ဆွေးနွေးကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်သူများ၏ မေးမြန်းလျှောက်ထား ချက်များကို ဆရာတော်က ပြန်လည်ဖြေကြားသည်။
(သတင်းစဉ် )


