နေပြည်တော်  ၂၁   နိုဝင်ဘာ  

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဖူးကြီးပိုက်လိုင်း အခြေစိုက်စခန်းသို့ ရောက်ရှိစစ်ဆေးသည်။

 

ရှေးဦးစွာအင်ဂျင်နီယာချုပ် (ပိုက်လိုင်း)က နိုင်ငံအတွင်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တည်ဆောက်ထားသော ပိုက်လိုင်းကွန်ယက် အခြေအနေနှင့် ဖူးကြီးပိုက်လိုင်းကြီးကြပ်ရေး အင်ဂျင်နီယာက ဖူးကြီး ပိုက်လိုင်းအခြေ စိုက်စခန်းမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ပိုက်လိုင်းစီမံကိန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် ပိုက်လိုင်းစီမံကိန်းများနှင့် လူမှုရေးတာဝန်သိမှု(CSR) လုပ်ငန်းများဆောင်ရွက်မည့် အခြေအနေတို့အား ရှင်းလင်းတင်ပြကြရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

 

ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအနီးတွင် တည်ရှိပြီး ယခင်က မင်းဘူးမြို့နယ်ရှိ မန်းရေနံမြေနှင့် ထောက်ရှာပင် ရေနံမြေများမှထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက်စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ် ဆောင်ရွက်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အောက်မြန်မာပြည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်နေသည့် အခြေစိုက်စခန်းဖြစ်သည်။

 

အဆိုပါ အခြေစိုက်စခန်း၏ ကြီးကြပ်မှုအောက်တွင် ရွှေပြည်သာစခန်း(ရန်ကုန်)၊ ဒေးဒရဲစခန်း၊ သနပ္ပင်စခန်း၊ မော်လမြိုင်စခန်း၊ သံဖြူဇရပ်စခန်းနှင့် ရေးစခန်းများရှိပြီး လက်မ ၂၀ ကံပေါက်-မြိုင်ကလေး-ရန်ကုန်ပိုက်လိုင်း(၃၃၁)မိုင်နှင့် ၂၄ လက်မ ဒေါ်ငြိမ်း-ရွာမ ပိုက်လိုင်း(၈၆)မိုင်အပါအဝင် စုစုပေါင်း(၉၈၁)မိုင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ(မြောင်းတကာ)သို့ ရောက်ရှိပြီး စက်ရုံအတွင်းရှိ Central Control Room တွင် Distributed Control System (DCS) စနစ်ဖြင့် ထိန်းချုပ်လည်ပတ်နေမှု၊  ယူရီးယားဖြန့်ဖြူးရေးဌာနတွင် ယူရီးယားဓာတ်မြေဩဇာများ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

အမှတ်(၄) ဓာတ်မြေသြဇာစက်ရုံ (မြောင်းတကာ)သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာတွင် တည်ရှိကာ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင် စတင်လည်ပတ်ခဲ့ပြီး အဖျောက်နှင့်ညောင်တုန်း သဘာဝဓာတ်ငွေ့မြေမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုအသုံးပြု၍ တစ်နေ့လျှင် ယူရီးယားဓာတ်မြေသြဇာ တန်ချိန် (၃၅၀ မှ ၄၀ဝ) ခန့် ထုတ်လုပ်၍ တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ယခုအခါအဆိုပါ စက်ရုံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် လိုအပ်လျက်ရှိသော ယူရီးယားဓာတ်မြေသြဇာများကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)