ရန်ကုန်  ၂၁   နိုဝင်ဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ၄၇ ပါး စုံညီ တတိယအစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုသည့် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

 

အစည်းအဝေးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင်ဆရာတော်  အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလ က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။

 

အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။

 

ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားတော်မူသည်။

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦးကြည်မင်း က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

ယင်းနောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ခွဲ၏ကိုယ်စား တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရာဘိဝံသက တင်သွင်းလျှောက်ထားသည်။

 

ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို အဖွဲ့ဝင် ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်းလျှောက်ထားသည်။

 

ယင်းနောက် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာကိစ္စများ၊ ပညာရေး ဆိုင်ရာ ကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။

 

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃ မဟာနာယက ဆရာတော်ကြီးများအား အရုဏ်ဆွမ်းအလှူရှင်အဖြစ် ဖခင်ကြီး ဦးမောင်မောင် မိခင်ကြီး ဒေါ်ခင်ခင်ကြီးတို့အားရည်စူး၍ သမီးသဒ္ဓမ္မဇောတိကဓဇ ဒေါ်ပြုံးဝေသီနှင့် နေ့ဆွမ်းအလှူရှင်များအဖြစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့်ဇနီး ဒေါ်ကြိုင်ကြိုင် မိသားစုအမှူးပြုသော ဓမ္မမိတ်ဆွေမိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

(သတင်းစဉ်)