ကနီ ၂၂ နိုဝင်ဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြိုနယ်တွင်  ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ အသေးစားစီမံကိန်းထောက်ပံ့ရေး အစီအစဉ်ဖြင့်  လာပို့-စိုင်တဲလမ်းပေါ်ရှိ သစ်ခေါက်ချောင်း ငုပ်လျှိုးတံတား Submersible Bridge (ရေကျော် ရေနိမ့်တံတား) ပန္နက်တင် မင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါ တံတားဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ကျင်းပကြောင်း သိရသည်။

 

ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)အဖွဲ့ ဥက္ကဋ္ဌ Nakao တို့က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန်းသန်းထွေးမှ ငုပ်လျှိုးတံတား Submersible Bridge (ရေကျော် ရေနိမ့်တံတား) ဆောက်လုပ်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တံတားပန္နတင် မင်္ဂလာပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ ဂျပန်အခြေခံအဆောက်အအုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(JIP)အဖွဲ့ ဥက္ကဋ္ဌ Nakao၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်သန်းသန်းထွေး တို့က တံတားအား ပန္နက်တင်ပေးကြသည်။

 

အဆိုပါ လာပို့-စိုင်တဲလမ်းပေါ်ရှိ သစ်ခေါက်ချောင်း ငုပ်လျှိုးတံတား Submersible Bridge (ရေကျော် ရေနိမ့်တံတား)ကို အရှည် ၂၁၆ ပေ၊ အကျယ် ၁၄ ပေရှိ တံတားကို ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူတို့၏ အသေးစား စီမံကိန်းထောက်ပံ့ရေး အစီအစဉ်မှ ဂျပန်အခြေခံအဆောက်အအုံပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(JIP)၏  စီမံမှုဖြင့် ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

လာပို့-စိုင်တဲ-ပွင့်ကားလမ်းမှာ မုံရွာ-ယာကြီး-ကလေးဝလမ်းနှင့် ဆက်သွယ်ဖောက်လုပ်ထားသော လမ်းဖြစ်ပြီး အဆိုပါ သစ်ခေါက်ချောင်းကူး တံတားဆောက်လုပ်ပြီးပါက ကူးဆိပ်ကျေးရွာ၊ ပွင့်ကား ကျေးရွာနှင့် စိုင်တဲကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လူမူရေး၊ ကျန်းမာရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများ လူနေမှုဘဝမြင့်လာမည်ဖြစ်ပါသည်။

 

သန်းဌေးအောင်(ကနီ)