မင်းလှ ၂၂ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံ၌ နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီချိန်ခန့်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
တွေဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့မြေများတိုးချဲ့ပေးရေး၊ စက်မူလယ်ယာများ ဖော်ထုတ်ပေးရေး၊ ပုံစံ(၇)များ အဆင်ပြေစွာ ထုတ်ပေးနိုင်ရေး၊ သိမ်းဆည်းခံမြေ အမှုတွဲများအားလုံး အမြန်ဆုံး ပြီးပြတ်အောင်ဆောင်ရွက်ရန် ဒေသခံများအနေဖြင့် မိမိတို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက်ကျေးရွာများ၏ လိုအပ်ချက်များဖြစ်သော ကျေးလက်ဆေးပေခန်း၊ စာသင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရေး၊ ကျေးရွာမီးလင်းရေး၊ မြို့မဈေးအတွင်း ဆိုင်ခန်းအလိုက် လျှပ်စစ်မီးသုံးစွဲခွင့်ရရှိရေးနှင့် လမ်း၊ တံတား၊ တာတမံ၊ ကုန်ထုတ်လမ်းအစရှိသည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များအား တင်ပြကြရာ ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က မင်းလှမြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးသစ် တည်ဆောက်ရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း ကလေးကစားကွင်း တည်ဆောက်ရန် အလှူငွေ(၁၀)သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ပြီး၊ ဒေသခံများကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင် ကကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့ အခြေခံ ပညာအထက် တန်းကျောင်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ရာ ဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးတို့က အမှာစကားပြောကြားပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ တိုင်း/ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက် (ပဲခူး)


