၂၂ နိုဝင်ဘာ
ကမ္ဘာတစ်ဝန်က လူငယ်ငါးဦးမှာ လေးဦးက ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းမရှိခြင်းကြောင်း၊ အထူးသဖြင့် အမျိုးသမီးငယ်တွေဟာ လေ့ကျင့်ခန်း ပိုလုပ်ဖိုလိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီကနေ့ (သောကြာနေ့) မှာ ထုတ်ပြန်လိုက်ပါတယ်။
ကမ္ဘာတစ်ဝန်းက လူငယ်တွေရဲ့ ကိုယ်လက်လေ့ကျင့်ခန်းအတွက် ပထမဦးဆုံးထုတ်ပြန်တဲ့ သုတေသနစာတမ်း ဖြစ်ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ဖုန်းမျက်နှာပြင်ကြည့်နေတာကို လျှော့ချပြီး လှုပ်ရှားဖို့လိုကြောင်း နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှ အသက် ၁၁ နှစ် ကနေ ၁၇ နှစ်အရွယ် လူငယ်ပေါင်း ၁.၆ သန်းကို ၂၀၀၁ -၂၀၁၆ ခုနှစ်အတွင်း လေ့လာပြီး အကြံပြုခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်နေ့ကို တစ်နာရီအနည်းဆုံး ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကြံပြုချက်ကို ၈၁ ရာခိုင်နှုန်း သော လူငယ်တွေက လုပ်ဆောင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းဆိုရာမှာ လမ်းလျှောက်ခြင်း၊ ကစားခြင်း၊ စက်ဘီးစီးခြင်းနဲ့ အားကစားပွဲတွေမှာ ပါဝင်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်းဟာ ကမ္ဘာမှာ ရင်ဆိုင်နေရာတဲ့ အဝလွန်ရောဂါကို တိုက်ဖျက်ဖို့ အဓိကအရေးပါတဲ့ အရာဖြစ်ပါတယ်။ လေ့ကျင့်ခန်းနဲ့ပတ်သတ်ပြီး ၁၅ နှစ်ကျော် သုတေသနပြုလုပ်ခဲ့ပေမယ့် အပြောင်းအလဲကို မတွေ့ရသေးကြောင်း သိရပါတယ်။
၂၀၀၁ ခုနှစ်ကနေ ၂၀၁၆ အတွင်း အမျိုးသားငယ်တွေရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းမှာ ၈၀ ရာခိုင်နှုန်းကနေ ၇၈ ရာခိုင်နှုန်း ကျသွားပေမယ့် အမျိုးသမီးငယ်တွေကတော့ ၈၅ ရာခိုင်နှုန်းက လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း မရှိဘူးလို့ ရေးသားထားပါတယ်။
လေ့ကျင့်ခန်းမလုပ်တဲ့ နိုင်ငံတွေကို ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့နိုင်ငံမှာ ၆၆ ရာခိုင်နှုန်း ရှိပြီး တောင်ကိုရီးယားနိုင်ငံမှာ ၉၄ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP