နေပြည်တော် ၂၂ နိုဝင်ဘာ
၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် အကြိမ် (၄၀) မြောက် ယူနက်စကိုအထွေထွေညီလာခံအတွင်း ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ (Executive Board ) အဖွဲ့ဝင်နေရာများ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယူနက်စကို ဒေသဆိုင်ရာအုပ်စုများအနက် မြန်မာနိုင်ငံသည် အာရှပစိဖိတ်အုပ်စုအတွင်း ယှဉ်ပြိုင်ခဲ့ရာ မဲပေးပိုင်ခွင့်ရှိသည့် အဖွဲ့ဝင် (၁၈၀) အနက် (၁၄၂) နိုင်ငံ၏ ထောက်ခံမှုဖြင့် ယူနက်စကိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ နိုဝင်ဘာ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားချက်အရ သိရသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (ယူနက်စကို)၌ အဖွဲ့ဝင်အဖြစ် ၁၉၄၉ ခုနှစ်၊ ဇွန်လမှစတင်၍ ပါဝင်ခဲ့ရာ နှစ်ပေါင်း(၇၀) အတွင်း ပထမဆုံးအကြိမ် ယူနက်စကို အလုပ်အမှုဆောင်အဖွဲ့ဝင်နေရာသို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
MDN


