ရန်ကုန် ၂၂ နိုဝင်ဘာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ (၄၇) ပါးစုံညီ တတိယအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက် ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိ်က ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် ဆရာတော်ကြီးများကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူးအဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလက ဆောင်ရွက်တော်မူသည်။
အစည်းအဝေးတွင် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမ အဖွဲ့ ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်များအနက် သာသနာ့ ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆောင်ရွက်ချက်များအပေါ် အဖွဲ့ဝင် ဆရာတော်ကြီး များက ဝေဖန်ဆွေးနွေးတော်မူကြပြီး သာသနာ့ရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာ များနှင့်စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ်တော်မူကြသည်။
ထို့နောက် အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ပထမအဖွဲ့ခွဲ)၏ ပထမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ၊ ဝေဖန် ဆွေးနွေး ချက်များနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်ဆရာတော်ကြီးများက ပြန်လည်ရှင်းလင်း လျှောက်ထား တော်မူကြပြီး ဆောင်ရွက်ချက်အစီရင်ခံစာကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က အတည်ပြုချက်ရယူသည်။
ယင်းနောက် အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီး များက ဇယန္တော ဗောဓိယာမူလေ အစချီသော နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆိုတော်မူကြပြီး သာဓုသုံးကြိမ်ခေါ်ဆိုကာ အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၄၇ ပါးစုံညီ တတိယအစည်းအဝေးကို မွန်းလွဲပိုင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးသည်။
ယနေ့အစည်းအဝေးသို့ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများအား တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် ရန်ကုန်တိုင်းဒေသ ကြီး အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဝေဠုဝန်(ရွှေကျင်) ကျောင်းတိုက် ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမာနိတ နှင့် တပည့် ဒါယကာ ဒါယိကာမများက အဋ္ဌဝီသတိမ (၂၈)ကြိမ်မြောက် ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
(သတင်းစဉ်)


