ယနေ့ပြည်သူများ ရောဂါဖြစ်ပွားမှု များနေမှုအကြောင်းရင်း၏ ဇာစ်မြစ်များတွင် လူတို့၏ နေ့စဉ်ဘဝ နေထိုင်စားသောက်မှုပုံစံ ကောင်းမွန်မှန်ကန်ခြင်းမရှိသော အကြောင်းအချက်သည် အဓိကဖြစ်သည်။ ယင်းတွင် ရောဂါမျိုးစုံ တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်ပွားလာအောင် အဓိကတွန်းအားပေးသည့် ဆီးချို သွေးချိုအန္တရာယ်ကို သတိပြုရမည်ဖြစ်သည်။
လူတို့အစားအသောက်များကို နေ့စဉ်စားသုံးကြရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော အစားအစာများကို စားသုံးမိသောကြောင့် ဆီးချို သွေးချိုရောဂါများ ဖြစ်ပွားလာကြသည်။ အဆိုပါရောဂါစွဲကပ်သွားလျှင် ရောဂါအလျှင်းမပျောက်တော့ဘဲ ရောဂါတက်မလာအောင်၊ အခိုက်အတန့် ရပ်တန့်ကျဆင်းအောင်သာ ပြုလုပ်နိုင်တော့သည်။ ထို့ထက်ပိုလျှင် နှလုံး၊ အသည်း၊ ကျောက်ကပ် အခြားရောဂါများနှင့်ပါ ညီအစ်ကိုဖွဲ့လာတော့သည်။
ဆီးချို သွေးချိုရောဂါသည် ဂရုတစိုက်ကုသမှုခံယူခြင်းမပြုပါမူ အသက်ခန္ဓာပျက်စီးဆုံးရှုံးမှု မြန်ဆန်သည်။ ထိုရောဂါသည် ကျောက်ကပ်ပျက်စီး ခြင်းကိုဖြစ်စေသည့် အဓိက အကြောင်းရင်းဖြစ်ပြီး ဆီးချို သွေးချိုရောဂါ ရှိသူသည် မရှိသူထက် ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ခြေထောက်ဖြတ်တောက်ခံရနိုင်ခြေ ၁၅ ဆမှ အဆ ၄၀ အထိ ပိုများသည်။ ထို့အပြင် ဆီးချိုသွေးချိုရောဂါရှိသူများသည် ရောဂါမရှိသူများထက် ၂၅ ဆ ပို၍ မျက်စိအမြင် ဆုံးရှုံးနိုင်ခြေရှိသည်။ ထို့ကြောင့် ဆီးချို သွေးချိုရောဂါ ခန္ဓာကိုယ်တွင် မစွဲကပ်မီ ကြိုတင်သတိပြုဆင်ခြင် စားသောက်နေထိုင် သင့်သည်။
ဆီးချို သွေးချိုရောဂါနှင့် သွေးတိုးရောဂါတို့သည် တွဲဖက်ဖြစ်ပွားနိုင်သဖြင့် ရုတ်တရက် အသက်သေဆုံးမှုနှုန်း မြန်နိုင်သည်။ အဆိုပါရောဂါကို ကာကွယ်နိုင်ရန်အတွက် "ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး" ဆောင်ပုဒ်နှင့် အညီ မိမိနှင့်သင့်တော်ရာ အားကစားလေ့ကျင့်မှုများ၊ ကိုယ်လက်လှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်ကြရန် လိုအပ်သည်။ ပြည်သူများ အားကစား လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာက လုပ်ငန်းစဉ်များ ချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည်။ ။
ယခုကာလသည် ဒီဇင်ဘာလ ကိုယ်လက်လှုပ်ရှားအားကစားရာသီ ရောက်တော့မည်ဖြစ်၍ နံနက်စောစော လမ်းလျှောက်ခြင်းဖြင့် စုပေါင်းလှုပ်ရှား ဆောင်ရွက်ကြရမည်ဖြစ်သည်။ ယမန်နှစ် အောက်တိုဘာလမှ ယခုနှစ် ဇွန်လအထိ မြို့နယ်ပေါင်း ၂၃၂ မြို့နယ်ရှိ ကျေးလက်ကျန်းမာရေး ဌာနပေါင်း ၁၃၁၆ ခုတွင် ဗုဒ္ဓဟူးနေ့တိုင်း သွေးတိုး၊ ဆီးချို ကာကွယ်ကုသရေး ဆေးခန်းများဖွင့်လှစ်၍ သွေးတိုး၊ ဆီးချို သွေးချိုရောဂါများ ရှိ၊ မရှိ စမ်းသပ် စစ်ဆေးကုသပေးခြင်း၊ လိုအပ်သူများကို လွှဲပြောင်းပေးခြင်း၊ ပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ ။
ဆေးခန်းများသို့ လာရောက်ပြသသူ၁ ဒသမ ၁ သန်း၌ ဆီးချိုရောဂါရှိသူ ငါးရာခိုင်နှုန်းနှင့် သွေးတိုးရောဂါရှိသူ ၁၅ ရာခိုင်နှုန်း တွေ့ရှိခဲ့သည်ဟု သိရသည်။ ဆက်လက်၍ ကျန်ရှိသော ပြည်သူများအနေဖြင့် သွေးချို ဆီးချို၊ သွေးတိုးရောဂါများရှိ၊ မရှိနှင့် ရှိလျှင် နီးစပ်ရာဆေးခန်းများ၌ ဆေးကုသရန် လိုအပ်သည်။ အဆိုပါရောဂါများကို ကာကွယ်ကုသနိုင်ရန်မှာ မိသားစုများ၏ ကျန်းမာရေးအသိရှိမှု အထူးလိုအပ်သည်။ ။
သို့ဖြစ်ရာ ကျန်းမာရေးအသိရှိမှ မိမိတို့မိသားစုဘဝနှင့် တိုင်းပြည်အနာဂတ် အကျိုးစီးပွား မြင့်မားတိုးတက်ရေးကို ဆောင်ကြဉ်းနိုင်မည်ကို သတိမူမိကြရန် လိုမည်ဖြစ်သည်။ ။
ကြေးမုံ