မိတ္ထီလာ ၂၃ နိုဝင်ဘာ
မိတ္ထီလာမြို့နယ် သီးတက္ကန် (မြောက်) ကျေးရွာ၌ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာသည့် အိုးလုပ်ငန်းတွင် ကုန်ကြမ်းများ ရှားပါးလာသည့်အတွက် အိုးလုပ်သူများ နည်းပါးလာကြောင်း သိရသည်။
တဖြည်းဖြည်း နည်းပါးလာ
ကျေးရွာအတွင်းရှိ အိမ်ခြေ ၈၂ အိမ်၊ လူဦးရေ ၄၀၀ ကျော်ရှိရာ အမျိုးသားများက စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပြီး အိုးမကွာ အိမ်မကွာ ဆောင်ရွက်နိုင်သည့် အိုးလုပ်ငန်းကို ရှေးယခင် အဘိုးအဘွားများ လက်ထက်မှစတင်၍ အမျိုးသမီးများနှင့် အခြားမိသားစုဝင်များက လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အိုးလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည့် မြေ၊ကောက်ရိုး၊ လောင်စာ၊ ထင်းများမှာ ယခင်က အလွယ်တကူ ရရှိနိုင်သော်လည်း ယခုအခါတွင် လယ်ယာမြေဈေးနှုန်းများ မြင့်မားလာခြင်းကြောင့် မြေတူးရာတွင် လယ်ကွက်ရှင်၊ ယာကွက်ရှင်များက ခွင့်မပြုသဖြင့် ခွင့်ပြုသည့်သူများထံမှ အခကြေးငွေဖြင့် ဝယ်ယူကြရသည်။ လှည်းမရှိသူများမှာ နွားလှည်းများ ငှားရမ်း၍ မြေကြီးများ တိုက်မည်ဆိုလျှင် လှည်းတစ်စီး ငွေကျပ် ၂၅၀၀ နှုန်း ပေးရသည်။ ၎င်းအပြင် ရာသီဥတု မှန်ကန်မှုမရှိသောကြောင့် စပါးများ စိုက်ပျိုးနိုင်ခြင်းမရှိ၍ ကောက်ရိုးများ မရရှိသဖြင့် အိုးလုပ်ငန်းလုပ်ကိုင်သူ တဖြည်းဖြည်း နည်းပါးလာရာ ယခုဆိုလျှင် ကျေးရွာအတွင်း အိုးလုပ်ငန်းလုပ်ကိုင်သူ ၁၅ ဦးသာရှိတော့ကြောင်း ကျေးရွာရာအိမ်မှူး ဦးကျော်မြိုင်က ပြောသည်။
သီးတက္ကန်(မြောက်)ကျေးရွာမှ အမျိုးသမီးများကအိုးမကွာ အိမ်မကွာဆောင်ရွက်နိုင်သည့် အိုးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ကျေးရွာမှ ပြုလုပ်သည့် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်းဖုံးနှင့် ထန်းမြေအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာမြို့နယ်များမှ အိုးကုန်သည်များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြသည်။ ယခုအခါ သောက်ရေအိုးများနေရာတွင် ရေသန့်ဘူးများ အစားထိုးဝင်ရောက်လာခြင်းနှင့်အတူ ဘုရားပန်းအိုးများမှာလည်း ကြေးအိုးများကို ဝယ်ယူအသုံးပြုလာကြသဖြင့် ဝယ်ယူသူ နည်းပါးလာသောကြောင့် အနည်းငယ်သာ လုပ်ကိုင်လျက်ရှိသည်။
ပန်းစိုက်အိုးများနှင့် ထန်းလျက်ပေါ်ချိန်တွင် ထန်းမြေအိုးများ အနည်းငယ် အရောင်းသွက်လျက် ရှိသောကြောင့် ကုန်ကြမ်းများရှားပါးသော်လည်း အခြားလုပ်ငန်းများအစား မိမိတို့ ဘိုးဘွားစဉ်ဆက်ပြုလုပ်သည့် အိုးလုပ်ငန်းကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သီးတက္ကန်ကျေးရွာမှ အိုးလုပ်ငန်းဆောင်ရွက်နေသည့် အဘွား ဒေါ်တင်မြက ပြောသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


