၂၃ နိုဝင်ဘာ
ဦးနှောက်ဆိုတာ နှလုံးလိုပဲ လုံးဝကို အထိခိုက်မခံတဲ့ နုနယ်ရှုပ်ထွေးလှတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် မာလာခွံလို့ခေါ်တဲ့ ဦးခေါင်းခွံမာကြီးထဲမှာ ဦးနှောက်က တည်ရှိနေတာဖြစ်ပါတယ်။ ဒီလောက်အတွင်းကျတဲ့နေရာမှာရှိပြီး သေချာ အကာကွယ်ခံထားရတဲ့ သင်တို့ဦးနှောက်ဟာ သင့်တို့ကြောင့်ပဲ ပျက်စီးတတ်တယ်ဆိုတာ သင်သိပါသလား။ ။
သင်ကိုယ်တိုင်တောင်မသိဘဲ လုပ်နေမိတဲ့ ဦးနှောက်ကို ထိခိုက်စေတဲ့ အပြုအမူတွေ။
အိပ်ချိန်မမှန်ခြင်း။
အိပ်ချိန်လုံလောက်စွာ မရရင် ကျန်းမာရေးထိခိုက်တယ်ဆိုတာ လူတိုင်းသိကြတဲ့ ကိစ္စတစ်ခုပါ။ အဆိုးဆုံး ထိခိုက်တာကတော့ ဦးနှောက်ဖြစ်ပါတယ်။ သူ့ခမျာ နေ့ဘက်တွေဆို တွေးတော ချိတ်ဆက်နေရတာ အနားယူရမယ့် ညဘက်ကလေးမှာမှ အနားကောင်းကောင်းမရရင် အချိန်ကြာလာတာနဲ့ ယိုယွင်းလာတော့မှာပါ။ ဒါ့အပြင် အိပ်ချိန်မလုံလောက်ခြင်းက ကြီးလာရင်ဖြစ်တတ်တဲ့ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ ဆက်စပ်နေလေ့ရှိပါတယ်။
နေ့ရက်တိုင်းကို အထီးကျန်စွာ ဖြတ်သန်းနေရခြင်း။
သူငယ်ချင်းများများရှိရမယ်ဆိုလို့ social media ပေါ်က သူငယ်ချင်းတွေကို ပြောတာမဟုတ်ပါဘူး။ အပြင်က အားပေးဖော် အားပေးဖက်သူငယ်ချင်း အစစ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေကို ကူညီဖြေရှင်ပေးပြီး အားပေးဖော်ရတဲ့ သူငယ်ချင်းမျိုး ရှိတဲ့သူတွေမှာ Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါ အဖြစ်နည်းတာကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အထီးကျန်စွာမနေပါနဲ့။ သူငယ်ချင်းထားပါ။
အသင့်စားသရေစာ အစားများခြင်း။
ဟမ်ဘာဂါတို့၊ အားလူးကြော်တို့မှာပါတဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဒီလိုအသင့်စား သရစောတွေကြောင့် အဝလွန်တာ၊ သွေးတွင်းအဆီများတာ၊ နှလုံးရောဂါတို့ ပိုဖြစ်နိုင်ပါတယ်။
သီချင်းနားထောင်ရင် နားကြပ်နဲ့ ပဲ နားထောင်ခြင်း။
Earphone အလုံပိတ် နားကြပ်လေးတပ်၊ အသံကုန်ဖွင့်ပြီး သီချင်းနားထောင်ရင် အချိန်နာရီဝက် အတွင်းမှာတင် သင့်အကြားအာရုံ ပျက်စီးသွားနိုင်ပါတယ်။ ဆူညံနေတဲ့ အသံတွေကို ဦးနှောက်က မနည်းလိုက်ဖမ်းနေရလို့ အာရုံကြော အချက်ပြစနစ်တွေလည်း ရှုပ်ထွေးနေတတ်ပါတယ်။ ဒါဟာ ဦးနှောက်ကို ဝန်ပိစေတဲ့ အပြုအမူတစ်ခုပါ။
တစ်နေကုန် မလှုပ်ရှားဘဲ ထိုင်နေခြင်း။
တစ်နေကုန် အနားယူမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာမှ လှုပ်ရှားမှုမရှိဘဲ ထိုင်နေလို့ကတော့ လူက ငြီးစီစီဖြစ်နေမယ့် ဦးနှောက်ကလည်း တက်ကြွလန်းဆန်းမှု မရှိတော့ပါဘူး။ ဒါ့အပြင် ကိုယ်အလေးချိန်တက်လာ၊ နှလုံးရောဂါ၊ ဆီးခြိုရောဂါတွေပါ ရပြီး အသက်ကြီးလာရင် မေ့လွယ်တဲ့ရောဂါလည်း ဖြစ်တတ်ပါသေးတယ်။ ဒါကြောင့် နေ့စဉ်မဟုတ်ရင်တောင် တစ်ပတ်ကို ၃ ရက်လောက်တော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ရင် လူကိုတက်ကြွစေတဲ့ ဟော်မုန်းတစ်မျိုးထွက်လာလို့ ဦးနှောက်ကိုလည်း လန်းဆန်းစေပါတယ်။
ဆေးလိပ်သောက်တာကြောင် သင့်ဦးနှောက်ကို ထိခိုက်စေပါတယ်။
ဆေးလိပ်အသောက်များရင် ဦးနှောက်က ဆဲလ်လေးတွေ ကျုံ့သွားတတ်ပါတယ်။ သာမန်လူ တစ်ယောက်ထက်စာရင် ဆေးလိပ်သောက်တဲ့သူတွေက Alzheimer’s လို့ခေါ်တဲ့ သတိမေ့ရောဂါနဲ့ dementia လို့ခေါ်တဲ့ မေ့လွယ်တဲ့ရောဂါတွေ နှစ်ဆ ပိုဖြစ်နိုင်ပါတယ်။
အမှောင်ထဲမှာ အနေများခြင်း။
အမှောင်ထဲမှာပဲ အနေများပြီး အလင်းရောင်မကြိုက်တဲ့ သူအများစုဟာ စိတ်ဓာတ်ကျလွယ် တတ်ကြပါတယ်။ တက်ကြွမှုတွေလည်း မရှိတော့လို့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်တွေလည်း ထိခိုက်လာပါတယ်။
အရမ်းကို အရေးကြီးပြီး နုနယ်ရှုပ်ထွေးလှတဲ့ ဦးနှောက်ကို အမှတ်မထင်ဘဲ ဖျက်စီးတဲ့သူက သင်ကိုယ်တိုင်ပဲ ဖြစ်နေတတ်ပါတယ်။ ကြီးလာရင် ကိုယ့်ချစ်ရတဲ့သူတွေကို လုံးဝမသိတော့တဲ့ အဖြစ်ဆိုးကြီးကနေ ရှောင်လွဲနိုင်ဖို့၊ ဦးနှောက်ကျန်းမာဖို့နဲ့ မှတ်ဉာဏ်ရင့်သန်စေဖို့အတွက် သင်မှာသာ တာဝန်အရှိဆုံးပါ။
ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်”