ပဲခူး  ၂၃  နိုဝင်ဘာ

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ရှေ့မှစတင်၍ လူထုအားကစားလစုပေါင်းလမ်းလျှောက်ပွဲ (ပထမ)ပတ်ကို နိုဝင်ဘာ ၂၃ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်သည်။

လူထုလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်အေး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှုးကြီး လှမျိုးရွှေ၊ လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ စက်ရုံ အလုပ်ရုံများမှလုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၃၂၇၀ဝ)ဦးကျော်တက်ရောက်ပြီး ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဦးမောင်မောင်းအေးမှ စုပေါင်းလမ်းလျှေက်ပွဲအား သေနတ်ပစ်ဖေါက်၍ ဖွင့်လှစ်ပေးကာ တက်ရောက်လာကြသူများက တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့်သနပ်ပင်လမ်းများသို့ လမ်းလျှောက်ကြပြီး ရွှေမော်ဓောဘုရားအနောက်ဘက် မုခ်ယာဉ်ရပ်နားကွင်းတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတို့ကို စုပေါင်း လုပ်ဆောင်ကြသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆုများပေးအပ်ချီးမြှင့်ရာတွင် ပဲခူးတိုင်းဒေသကြီးမှ ဒုတိယဆုရရှိခဲ့သည်။ ယခု၂၀၁၉ခုနှစ်လူထုအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲအား ပြည်သူတစ်ရပ်လုံး အားကစားလှုပ်ရှားမှု ပိုမိုဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလတွင် (၂၃/၃၀)ရက်နေ့များ၌ လည်းကောင်း၊ ဒီဇင်ဘာတွင်(၇/၁၄/၂၁/၂၈)ရက်နေ့များ၌လည်းကောင်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ် အသီးသီးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လုထုစုပေါင်းလမ်းလျှောက်ခြင်းအြပင် နေ့ချင်းပြီးအားကစားပြိုင်ပွဲများ၊ Fitness danceလှုပ်ရှားမှုများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လမ်းလျှောက်ခြင်းအားဖြင့် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကြံ့ခိုင် ကျန်းမာလာစစေခြင်း၊ သက်လုံကောင်း၍ အမောခံနိုင်ခြင်း၊ အဆီလျော့ကျ၍ အဝမလွန်အောင်ထိန်းပေးနိုင်ခြင်း၊ ဦးဏှောက်နှင့်အာရုံကြော အားကောင်း၍ ဉာဏ်ရည်ထက်မြက်စေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်တက်စေပြီး ရောဂါများကို ကာကွယ်နိုင်ခြင်း၊ အကြော၊ အချဉ်၊ အရွတ်များကို ပျော့ပျောင်းစေ၍ ခန္ဓာကိုယ်ဖြတ်လတ် ပေါ့ပါးစေနိုင်ခြင်း၊ သွေးလည်ပတ်မှုကောင်းစေပြီး အိပ်ပျော်စားဝင်စေခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေ၍ ကြည်လင်လန်းဆန်းစေခြင်း၊ နေ့စဉ်ပုံမှန်နာရီဝက်ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သောဘဝကို ပိုင်ဆိုင်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)