နွားထိုးကြီး ၂၃ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၌ ကျင်းပသည့် နွားထိုးကြီး ကလေးစာပေပွဲတော်တွင် ပြသထားသည့် သိပ္ပံပစ္စည်းပြခန်းများကို ကျောင်းသား ကျောင်းသူများ ပိုမိုစိတ်ဝင်စားစွာ လေ့လာလျက်ရှိကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသည့် နွားထိုးကြီးကလေးစာပေပွဲတော်တွင် စာအုပ်စာပေများကို တစ်နေရာတည်းဝယ်ယူနိုင်စေရန် စာအုပ် အရောင်းဆိုင်ပေါင်း (၃၀)ကျော် ခင်းကျင်းပြသပြီး ကလေးများ ပျော်ရွှင်စေရန် ပျော်ပွဲရွှင်ပွဲ(၈)မျိုးပါ ဝင်ခဲ့ဖျော်သွားမည် ဖြစ်သည်။ ၎င်းအပြင် ကလေးများပျော်ရွှင်စွာ ဆင်နွဲနိုင်စေရန်နှင့် စုပေါင်း အလုပ်များတွင် ပူးပေါင်းပါဝင်တက်စေရန် ကျင်းပသည့် ပြိုင်ပွဲ(၇)မျိုးနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတများ ရရှိစေရန် သိပ္ပံပြခန်း၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သည့်ပြခန်း၊ ပန်းချီပြခန်း၊ ရုပ်သံပြခန်း၊ ကွန်ပျူတာပြခန်း၊ ဂီတတူရိယာပြခန်း၊ အိမ်တွင်းမှုပြခန်းအပါအဝင် ပြခန်းပေါင်း (၃၁)ခန်း ပါဝင်ပြခဲ့ရာ ကျောင်းသား ကျောင်းသူများ သိပ္ပံပြခန်းများကို ပိုမိုစိတ်ဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ ငယ်ငယ်က နယ်ကျောင်းတွေမှာ သိပ္ပံပစ္စည်းဆိုတာ စာအုပ်ထဲမှာသာ ဖတ်ရပြီး လက်တွေ့ကျကျ မမြင်ခဲ့ရဘူး၊ ယခုအချိန်မှာ ကျောင်းသား ကျောင်းသူများ သိပ္ပံပစ္စည်းဆိုတာကို စာတွေ့ လက်တွေ့ သင်ကြားနေရသည့်အတွက် ကျောင်းသား ကျောင်းသူများ ပိုမိုအကျိုးရှိစေရန်အတွက် ပြခန်းအတွင်း၌ ကျောင်းသင်ခန်းစာတွင် လက်တွေ့သင်ကြားနေရသည့် ဘက်စုံသုံးမီတာ၊ ဗာနီယာစကေး၊ မြင်းခွာသံလိုက်၊ ဟုလောဆိုင်ရာကိရိယာများ၊ ဟိုက်ဒရိုမီတာ၊ သရုပ်ပြသာမိုမီတာအပါအဝင် ရူပဗေဒ ဆိုင်ရာပစ္စည်းများနှင့် သန္ဓေသားဖွံ့ဖြိုးလာပုံ၊ ဖားပုံများ၊ ယုန်ပုံများအပါအဝင် ဇီဝဗေဒဆိုင်ရာပစ္စည်းများ ပြသထားသည်။ ၎င်းအပြင် ဓာတုဗေဒနှင့် ပတ်သက်သည့် ထုတ်ဖော်ပုံများကို ကျောင်းသား ကျောင်းသူများက လက်တွေ့ပြသလျက်ရှိကြောင်း ”အောင်သဇင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဦးဝင်းခိုင်က ပြောကြားခဲ့ သည်။
နွားထိုးကြီး (ပြန်ဆက်)


