ဝန်းသို ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အလယ်ခုံကျေးရွာ၌ တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ကျေးရွာတွင်း ၂၄ နာရီ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်မီးဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး (ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမြသိန်းထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇေယျနှင့် ကျေးရွာမီးလင်းရေးကော်မတီများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်၍ စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ ဖွင့်လှစ်ခဲ့ကြသည်။
ဝန်းသိုမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ် အတွင်း အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP-Phase1) ဖြင့် ကျေးရွာပေါင်း (၂၈+၆) ရွာ၊ တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကျေးရွာ နှစ်ရွာ၊ စုစုပေါင်းကျေးရွာ ၃၆ ရွာတို့တွင် ၂၄ နာရီ လျှပ်စစ်မီးလင်းရေးလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်တွင် ကျေးရွာ၂၆ ရွာ မီးလင်းနေပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှုးထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


