မိုးညှင်း     ၂၃   နိုဝင်ဘာ 

မိုးညှင်းခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းတော်ကြီးဒေသရှိကျေးရွာပေါင်း (၃၉) ရွာရှိ ကျွဲ၊နွား ၇၀ ရာခိုင်နှုန်းကျော်အား ရောဂါကာကွယ်ဆေး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာကျော် စွာထွန်းက အောက်တိုဘာလ ၁၉ ရက်နေ့ညနေပိုင်းတွင် ပြောကြားသည်။

အင်းတော်ကြီးဒေသရှိကျေးရွာများတွင်  နှစ်စဉ်ကျွဲ၊နွားများတွင်ဖြစ်ပွားတတ်သည့်ရောဂါများကြောင့် ကျွဲ၊ နွားသေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ  ယခုနှစ်တွင်  ရောဂါဖြစ်ပွားမှုမှ ကာကွယ်ရန် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ ယခုလ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိ အပိုင်း (၃)ပိုင်းခွဲ၍ ပညာပေးဟောပြောပွဲများ၊ ကုသရေးသင်တန်းများပေး၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်သည်။

“အခုနန့်မွန်းမြို့မှာ ၁၇ ရက်နေ့ကစပြီး သင်တန်းပေးတယ်၊ အဲဒီသင်တန်းသားတွေနဲ့ ကျွန်တော့ ဝန်ထမ်းတွေရယ်ပေါင်းပြီး ကာကွယ်ဆေးထိုးနေပြီ၊ ၁၉ ရက်နေ့ ညနေအထိ ကျွဲနွား ၁၅၀ဝ ကာကွယ်ဆေးထိုးပြီးပြီ၊ အခုက အင်းတော်ကြီး တောင်ဘက်ပိုင်းနှင့်အရှေ့ဘက်ပိုင်းကို ကွင်းဆင်းနေတယ်၊ ၂၂ ရက်နေ့ကို အင်းတော်ကြီး အနောက်ဘက်ပိုင်းက ကျေးရွာတွေကို ဆက်လက်ကွင်းဆင်းသွားမယ်”ဟု ဒေါက်တာကျော်စွာထွန်းက ပြောသည်။

အင်းတော်ကြီးဒေသနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများသည် မိရိုးဖလာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြရာဒေသတစ်ခုလုံး အတိုင်းအတာအရ ခန့်မှန်းကျွဲ၊နွားကောင်ရေ ၂၀ဝ၀ဝ ကျော်ရှိကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စာရင်းဇယားများအရ သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)