ဖားကန့် ၂၃ နိုဝင်ဘာ
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ဆွတ်ငိုင်ယန်(စံပြ-မူလွန်)ကျောင်းမှ စတုတ္ထတန်းကျောင်းသား မောင်ဆွတ်မိုင်အောင်သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသော (Prince & Princess International 2019) ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၏ ဥရောပဆိုင်ရာ အကောင်းဆုံးလူငယ်ဆု (Jinior Mister Continental 2019) ဆုကို နိုဝင်ဘာ ၁၇ ရက်နေ့က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
နိုင်ငံပေါင်း (၆၀)မှ ပါဝင်ယှဉ်ပြိုင်သူ (၈၀)ကျော်ရှိသည့်အနက် မြန်မာနိုင်ငံကိုယ်စားပြု (၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မောင်ဆွတ်မိုင်အောင်လည်း KST Model Agency မှ တစ်ဆင့် ပါဝင်ယှဉ်ပြိုင် ခွင့်ရခဲ့ခြင်း ဖြစ်သည်။
ယနေ့တွင် ဆွတ်ငိုင်ယန်(စံပြ-မူလွန်)ကျောင်းသို့ ပြန်လည်ရောက်ရှိလာသော မောင်ဆွတ်မိုင်အောင်အား အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနော်ဆန်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက ဖားကန့်(အ.ထ.က)မှ ဘင်ခရာအဖွဲ့ဖြင့် ကြိုဆိုခဲ့ကြသည်။
မောင်ဆွတ်မိုင်အောင်၏ မိခင်ဖြစ်သူ ဒေါ်ဆိုင်းနန်က “ကျွန်မက ကလေးဝါသနာပါတာကို ဖြည့်ဆည်းပေးဖို့ ရည်မှန်းထားပါတယ်၊ နောက်ပြီး ပညာရေးနဲ့ပတ်သက်ပြီးလည်း မပျက်ကွက်ရ အောင်၊ နိုင်ငံ့သားကောင်းရတနာဖြစ်အောင် ပြုစုပျိုးထောင်ဖို့ တာဝန်ရှိတယ်လို့ ခံယူထားတာပါ”ဟု ပြောသည်။
“ဒီကလေးက ကျောင်းစာမှာ ထူးချွန်တယ်၊ အတန်းစဉ်ဆက် ဆုတွေရရှိခဲ့တာပေါ့နော်၊ ဒီလို ပြိုင်ပွဲဝင်မယ်ဆိုတော့ နိုင်ငံတကာမှာ အဆင်ကောပြေပါ့မလားလို့တော့ စိုးရိမ်မိတယ်၊ ကိုယ့်ကလေး က အဝတ်အစားကအစ မပြည့်မစုံနဲ့ဆိုတော့လေ၊ ဒါပေမယ့် ကလေးက အကောင်းဆုံးလုပ်နိုင်တယ်၊ သူ့အတွက်ကော ကျောင်းအတွက်ကော ဂုဏ်ယူရပါတယ်”ဟု ဆွတ်ငိုင်ယန်(စံပြ-မူလွန်)ကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးနော်ဆန်းက ပြောကြားသည်။
မောင်ဆွတ်မိုင်အောင်သည် ပန်းချီပြိုင်ပွဲများတွင်လည်း မကြာခဏ ဆုရရှိသူတစ်ဦး ဖြစ်ကြောင်း သိရသည်။
Junior Mister Continental 2019 ဆုရှင် မောင်ဆွတ်မိုင်အောင်က “သားကြီးလာရင်လည်း နိုင်ငံ့ဂုဏ်ဆောင်ဆုတွေရရှိအောင် ဆက်လက်ကြိုးစားသွားဦးမှာပါ”ဟု ပြောကြားခဲ့သည်။
တာလင်းမောင်(ပြန်/ဆက်)


