ရန်ကုန် ၂၃ နိုဝင်ဘာ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း)ဆွေးနွေးပွဲကို ရန်ကုန်မြို့ ၊ Sedona Hotel တွင်ယနေ့နံ က်(၉)နာရီကကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်၊ ILO(ရန်ကုန်ရုံး)မှ Ms.Anne Boyd (Chief Technical Advisor of the TDW Project)၊ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS-TUsF)နှင့် မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(AFFM-IUF)တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း)အား ဇွန်လ(၃)ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ဒုတိယအကြိမ်ပြန်လည်ပြင်ဆင်မှုကို အတည်ပြုခဲ့ပြီးဖြစ်ရာ ပြင်ဆင်သော ဥပဒေ ထွက်ပေါ်လာ၍ ဥပဒေနှင့် လိုက်လျောညီထွေသော နည်းဥပဒေကို ရက်ပေါင်း(၉၀)အတွင်း ရေးဆွဲရမည်ဖြစ်သောကြောင့် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်နည်း ဥပဒေပိုင်းဆိုင်ရာ အခန်း(၉)ခန်းနှင့် ပုဒ်မပေါင်း (၉၀)ကိုဆွေးနွေးခဲ့ပြီးဖြစ်သော်လည်း အချို့သော အချက်အလက်များကို ပြင်ဆင်ရန် ပြည်ထောင်စုဝန်ကြီးထံ တင်ပြလာမှုကြောင့် ပြန်လည်ဆွေးနွေး ညှိနှိုင်းခြင်း ဖြစ်ကြောင်း၊ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးနှင့် ခုံသမာဓိကောင်စီတွင် အသက်အရွယ်နှင့် ပညာအရည်အချင်းကို ဝန်ကြီးဌာနမှ ပြင်ဆင်သတ်မှတ်ခဲ့၍ အလုပ်သမားမြို့နယ်ညှိနှိုင်းဖြန်ဖြေရေးတွင် အခြေခံပညာအလယ်တန်းအဆင့် ရှိရမည်ဖြစ်ပြီး ခုံသမာဓိတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ရမည်ဖြစ်ကာ ခုံသမာဓိကောင်စီအား ဘွဲ့ရပြီးသူဖြစ်ရမည်ဟု ဝန်ကြီးဌာနမှ သတ်မှတ်မှုအပေါ် အလုပ်သမားအဖွဲ့ချုပ်များမှ ကန့်ကွက်မှုကြောင့် မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးနှင့် ခုံသမာဓိကိုဖြေလျော့ပေးနိုင်သော်လည်း ခုံသမာဓိကောင်စီ သတ်မှတ်ချက်အား ဖြေလျော့ပေးနိုင်မှုမရှိခြင်းမှာ ခုံသမာဓိကောင်စီသည် မြန်မာနိုင်ငံတွင်တစ်ဖွဲ့တည်းသာ တည်ရှိပြီး အလုပ်သမားရေးရာကိစ္စရပ်တို့ကိုနောက် ဆုံးအဆင့်ဖြေရှင်း ဆောင်ရွက်ပေးရသော အဖွဲ့ဖြစ်သောကြောင့် ဘွဲ့ရပြီးသူများဖြင့်သာ ဖွဲ့စည်းရန် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ တရားစွဲဆိုရာတွင်လည်း ဥပဒေ၌ နစ်နာသူမှ တရားစွဲဆိုခွင့်ရှိသည့်အပြင် ဝန်ကြီးဌာနမှ တာဝန်ပေးထားသော တရားစွဲအရာရှိမှ တရားစွဲဆိုခွင့်ရှိကြောင်း ဥပဒေတွင် ပါရှိသည့်အတွက် နစ်နာသူကဏ္ဍတွင် စက်ရုံရှေ့တွင် ပိတ်ဆို့ဆန္ဒပြခြင်းနှင့် အလုပ်လုပ်လို သူတို့ကို ဝင်ရောက်ခွင့်မပြုခြင်းနှင့် စက်ရုံပစ္စည်းများကို ဖျက်ဆီးခြင်းကြောင့် တရားစွဲဆိုရာ၌ တရားရုံတွင် အထောက်အထား ပြည့်စုံမှသာတရားရုံးမှ လက်ခံသောကြောင့် ထိုသို့သောပြသနာများအား ဝန်ကြီးဌာနမှ တရားစွဲခြင်းထက် နစ်နာဆုံးရှုံးသူ ကိုယ်တိုင်တရားစွဲဆိုသင့်ကြောင်းကိုလည်း ယနေ့ဆွေးနွေးပွဲတွင် ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းဖြန်ဖြေရေးတွင် ပါဝင်သူများမသ မာမှုရှိခဲ့ပါကအဖွဲ့ဝင်မှ ထုတ်ပယ်ခွင့်ကို ယခုပြင်ဆင်ထားသော ဥပဒေတွင်ပါဝင်သည့်အတိုင်း ဆွေးနွးပြီးဖြစ်သော်လည်း ကျေလည်မှုရရှိရန် ယနေ့ဆွေးနွေးပွဲတွင် ပွင့်လင်းစွာ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ နည်းဥပဒေကို မြန်ဆန်စွာ မဖော်ဆောင်နိုင်မှုသည် မြို့နယ်ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့၊ ခုံသမာဓိနှင့် ခုံသမာဓိကောင်စီတို့မှာ သက်တမ်းပြည့်သွားပြီဖြစ်သော်လည်း အသစ်ရွေးချယ်ရန်အခက်အခဲရှိနေ၍ မြန်ဆန်စွာ ရွေးချယ်နိုင်ရန် ယနေ့ဆွေးနွေးရန်လိုကြောင်း၊ အထူးသဖြင့်ခုံသမာဓိကောင်စီကဏ္ဍတွင် ပညာအရည်အချင်းသတ်မှတ်မှုနှင့် နစ်နာသူမှတရားစွဲဆိုမှု ကဏ္ဍအပါအဝင်နည်းဥပဒေပိုင်းဆိုင်ရာ အချက်အလက်တို့ကို အဖွဲ့ဝင်များ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ကြောင်း ပြောကြားသည်။
အလုပ်သမားရေးရာ အပြင်းပွားမှုဖြေရှင်းရေး နည်းဥပဒေ(မူကြမ်း)ကို သြဂုတ်(၃၁)ရက်နေ့မှ စက်တင်ဘာ(၇)ရက်နေ့ထိ ရန်ကုန်မြို့ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် အဖွဲ့အစည်းအသီးသီး မှပေးပို့လာသော အကြံပြုချက်များနှင့် စပ်လျဉ်း၍ အစိုးရ၊အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်အဖွ့ဲဝင်များ၏သဘောတူညီ ချက်ရရှိနိုင်ရေးကို နောက်ဆုံးအကြိမ်ဆွေးနွေး ညှိနှိုင်းခြင်းဖြစ်သည်။
အဆိုပါ နည်းဥပဒေထွက်ရှိမှသာ လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ လွယ်ကူစေမည် ဖြစ်သည့်အပြင် သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့်လည်း မိမိတို့ဌာနနှင့် သက်ဆိုင်သော အလုပ်သမားဥပဒေပါ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ တိတိကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်သည်။
ယနေ့ဆွေးနွေးပွဲသည် နည်းဥပဒေကို ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး၍ ပြင်ဆင်ခြင်းဖြင့် အလုပ်ရှင်နှင့်အလုပ်သမား အပြင်အများပြည်သူ ရှင်းလင်းစွာ သိရှိနည်းလည်နိုင်မည်ဖြစ်ရာ အကောင်အထည်ဖော်ရာတွင် လွယ်ကူမည့် နည်းဥပဒေထုတ်ပြန်နိုင်ရန်အတွက် တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။
သန်းထိုက်
ဓာတ်ပုံ - သန်းစိုး


