ကသာ ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ မြို့၏ သန့်ရှင်းသာယာလှပရေးကို အစဉ်တစိုက် ပြုပြင်လုပ်ဆောင်လျက်ရှိရာ ယခုအခါ ကသာမြို့၏ လမ်းမတော်လယ်တွင် Double Arm မီးတိုင်စိုက်ထူပြီး ဖြစ်သည်။ မီးတိုင်ပေါင်း (၃၀) စိုက်ထူမည်ဖြစ်ပြီး လတ်တလောတွင် (၂၁)တိုင် စတင်စိုက်ထူထားပြီးဖြစ်သည်။ ကျန်ရှိ (၉)တိုင်အား စုပေါင်းရုံးကြီးရှေ့တွင် စိုက်ထူသွားမည်ဖြစ်ပြီး မြို့တော်ခန်းမနှင့် ဘီအိုစီကုန်းတက်ကြားတွင်လည်း မီးတိုင်(၁၁)တိုင်ကို ထပ်မံစိုက်သွားမည်ဖြစ်သည်။ မီးတိုင်တစ်တိုင်ချင်းစီ၏ အကွာအဝေးမှာ ပျမ်းမျှပေ(၁၀၀)ခန့်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်သည် အစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်တစ်ခုဖြစ်ပြီး မီးတိုင်တစ်တိုင်၏ ကုန်ကျစရိတ်သည် (၁၈)သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း (၃၀၀) ထောက်ပံ့ထားပြီး လိုအပ်သည့် ကုန်ကျငွေများအား မြို့နယ်ဒေသခံ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များ၊ စေတနာတရား ထက်သန်သူများမှ စုပေါင်းထည့်ဝင် လှူဒါန်းထားကြကြောင်း သိရသည်။
မီးတိုင်ပေါင်း (၅၀)ခန့် စိုက်ထူသွားနိုင်ရန် ရည်ရွယ်ထားပြီး မြို့အထွက် သံလမ်းကျော် (၄)လမ်းသွား လမ်းအကျယ်အထိဆိုပါက ပေ(၁၂၀၀၀)ခန့်ရှိသဖြင့် တိုင်ပေါင်း(၇၀)ခန့် ထပ်မံစိုက်ထူရန် လိုအပ်နေဦးမည်ဖြစ်သည်။ မီးတိုင်အလှူရှင်များလည်း လာရောက်လှူဒါန်းနိုင်ကြောင်းကိုလည်း လမ်းလယ်မီးတိုင် ဖြစ်မြောက်ရေးကော်မတီမှ ကြိုတင်နှိုးဆော်ထားကြောင်း သိရသည်။
Double Arm လမ်းလယ်မီးတိုင်များ စိုက်ထူရခြင်းမှာ မြို့သန့်ရှင်းသာယာလှပရေး၊ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ညအချိန်အခါ ခိုး၊ ဆိုး၊ လု၊ နှိုက်များ ပပျောက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းထံမှ သိရှိရသည်။
လူအောင်(ကသာ)


