တောင်တွင်းကြီး ၂၃ နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာအုပ်စု၊ ရွာသာကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ဂျပန် - မြန်မာ ချစ်ကြည်ရေး အစီအစဉ်ဖြင့် တည်ဆောက်ပြီးစီးသည့် ရွာသာရွာ ငမင်ချောင်းကူးတံတား ဖွင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် ညနေ ၃ နာရီက အဆိုပါတံတားအနီး ယာယီမဏ္ဍပ်တွင် ကျင်းပရာ တံတားဖြစ်မြောက်ရေး အကျိုးဆောင်နာယက ဆရာတော် ဦးပညာသီရိ (သင်္ကန်းကျွန်းမြို့နယ် ဝဇီရာသဘသာသနာ့ရိပ်သာကျောင်း)၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး စီးပွားရေးသံမှူး Mr.Kazuyuki Takimi တို့က တည်ဆောက်ပြီးစီးသည့် တံတားသစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး အလှူရှင်ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

ဆက်လက်၍ အခမ်းအနားကို ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတာတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားပြီး တံတားဖြစ်မြောက်ရေး အကျိုးဆောင်နာယက ဆရာတော် ဦးပညာသီရိက တံတားတည်ဆောက်ပြီးစီးမှုနှင့် စပ်လျဉ်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေး မိန့်ကြားသည်။ ၎င်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး စီးပွားရေးသံမှူး Mr.Kazuyuki Takimi က ဂျပန် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းနှင့် ယခုလို ကျေးရွာနေပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ရွာသာရွာ ငမင်ချောင်းကူးတံတား တည်ဆောက်ပေးခွင့်ရ၍ ဝမ်းသာပီတိဖြစ်မိကြောင်း ရှင်းလင်းပြောကြားပြီး တံတားနှင့် ပက်သက်သည့် စာရွက်စာတမ်းများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ရွာသာရွာတံတား ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့်က ဒေသခံကျေးရွာသူ ကျေးရွာသားများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခု အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာအုပ်စု၊ ရွာသာကျေးရွာရှိ ရွာသာရွာ ငမင်ချောင်းကူးတံတားသည် အရှည်ပေ ၁၁၈ ပေရှိသည်။ တံတားအမျိုးအစားမှာ SUBMERSIBLE BRIOGE ဘိုးပိုင် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး တံတားအကျယ် ၁၄ ပေ၊ တံတားခံနိုင်ဝန် ၁၃ တန်ရှိကြောင်း သိရကာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ဂျပန်ပြည်သူများ စုပေါင်းထည့်ဝင်လှူဒါန်းငွေကျပ် အမေရိကန်ဒေါ်လာ ၁၀၃၉၈၈ အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ တောင်တွင်းကြီးမြို့နယ် အောင်းစုကျေးရွာအုပ်စု၊ ရွာသာကျေးရွာရှိ ငမင်ချောင်းအား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အသေးစားစီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်ဖြင့် ဂျပန်ပြည်သူများ စုပေါင်းထည့်ဝင်လှူဒါန်းငွေဖြင့် ရွာသာရွာ ငမင်ချောင်းကူးတံတားအား အောင်မြင်စွာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသွားပြီး၍ ရွာသာကျေးရွာနှင့် ချောင်းတစ်ဖက်ကမ်းရှိ ကျေးရွာပေါင်း (၉)ရွာမှ ဒေသခံကျေးရွာနေပြည်သူ ၈၀၀၀ ခန့်အား ရာသီမရွေး အဆင်ပြေစွာ သွားနိုင်မည့်အပြင် ဒေသအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများကိုပါ များစွာအကျိုးပြုပေးနိုင်တော့မည်ဖြစ်ရာ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။
လှိုင်ဝင်းလေး


