နေပြည်တော် ၂၃ နိုဝင်ဘာ
မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ခုနှစ် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် နေပြည်တော်ဘူတာကြီးရှိ ပုဗ္ဗသီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာ့မီးရထားသည် ယခုအချိန်တွင် နိုင်ငံတကာနှင့်ပူးပေါင်း ဆောင်ရွက်နေသည့်အတွက် နိုင်ငံတကာမှ ပညာရှင်များ၏ နည်းပညာများ လုပ်ငန်းဆောင်ရွက်ရာတွင် ကောင်းမွန်သော လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့ဝန်ထမ်းများမှ ကြိုးစားလေ့လာပြီး လိုက်ပါတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ရထားလမ်းများအားလုံးကို ပြုပြင်ဆောင်ရွက်ရန် လိုအပ်သော်လည်း အရေးကြီးသည့် လမ်းကြီး(၄)ခုကိုသာ အဓိကထား ပြုပြင်ဆောင်ရွက်နေရပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြီးခဲ့သည်ဆောင်ရွက်ချက်များကို သင်ခန်းစာယူပြီး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အရာထမ်းများအနေဖြင့် မိမိတို့လက်အောက်ရှိဝန်ထမ်းများ အားလုံးကိုလည်း ပကတိအခြေအနေမှန်များကို သိရှိနိူင်ရန်ရှင်းလင်းပြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏အခွင့်အရေး၊ အခက်အခဲများကို သိရှိသော်လည်း အလုံစုံပြည့်စုံအောင် ချက်ချင်းဆောင်ရွက်မပေးနိုင်ခြင်းကို ဝန်ထမ်းများမှ နားလည်ပေးစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားသည်။
ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးက ရထားစီးခရီးသည် ကနေဒါနိုင်ငံသူ၏ ကျောပိုးအိတ်ခိုးယူသွားသည့် တရားခံအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဦးယဉ်ထွေးနှင့်အဖွဲ့၊ ဂုတ်ထိပ်ရုံပိုင်နှင့် ရထားရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်သူ ဦးစီးအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် တိုင်းအလိုက်တာဝန်ရှိသူများက လုပ်ငန်းသုံးသပ်ချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ လုပ်ငန်းလိုအပ်ချက်များအား တင်ပြဆွေးနွေးကြပြီး မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထား၏ နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၃ ရက်အထိ (၂)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


