mdn

ရန်ကုန် ၂၃ နိုဝင်ဘာ

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၀၂)ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ သြဝါဒါစရိယ ဆရာတော်များ၊ စေတိယင်္ဂဏ နာယက သြဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ စာလျှောက်မေးပွဲ ဝင်ရောက်ဖြေဆိုမည့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြည်ညိုကြသည်။

 

အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်းဆရာတော် ဘဒ္ဒန္တ ဂုဏေသန ထံမှ   ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ထို့နောက် စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးတင်ဦးက အဖွင့်မင်္ဂလာစကား လျှောက်ထားသည်။

 

ယင်းနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး နာယက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နာယက လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသထံမှ သြဝါဒကထာ နာကြားကြသည်။

 

စေတိယင်္ဂဏ စာလျှောက်မေးပွဲကို မြန်မာသက္ကရာဇ် ၁၃၄၅ ခုနှစ် (၆၇)ကြိမ်မြောက်ကာလမှစ၍ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ယူကျင်းပခဲ့ရာ ယခု (၁၀၂)ကြိမ်မြောက်အထိ ရှိပြီဖြစ်သည်။

 

ယခင် (၁၀၁)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ လေးပါးနှင့် သီးခြားစာသင်တန်းမှ ရှစ်ပါး၊ စုစုပေါင်း သံဃာတော် (၁၂) ပါးတို့ အောင်မြင်တော်မူခဲ့ကြပြီး ယခုနှစ်(၁၀၂)ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်း၌ (၂၇) ပါး၊ သီးခြားစာသင်တန်း၌ (၁၈၉) ပါး၊ စုစုပေါင်း သံဃာတော် (၂၁၆) ပါးတို့ စာရင်းပေးသွင်းထားကြပြီး ယနေ့မှစ၍ သီးခြားစာသင်တန်းမှ အာဂုံပြန်ဆိုကြမည်ဖြစ်သည်။

 

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - ဇော်မင်းလတ်