mdn

ရန်ကုန် ၂၃ နိုဝင်ဘာ

 

မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် အသင်းဝင်များ၏ သားသမီးများအား အဋ္ဌမအကြိမ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ အသင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်း(မနုဿကျော်ဝင်း)က အဖွင့်အမှာ စကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်ချိုချိုတင်(မစန္ဒာ)က ဆုချီးမြှင့်ရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ဂုဏ်ထူးရရှိအောင်မြင်ခဲ့ကြသည့် အသင်းဝင်များ၏ သားသမီးများနှင့် နှစ်ဘာသာဂုဏ်ထူး ရရှိအောင်မြင်ခဲ့သော အသင်းဝင် မအာသာဝတီခင်မြတ်ဘုန်းတို့ကို အသင်းတာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ အလှူရှင်များက အလှူငွေများကို လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဆုရရှိသူများကိုယ်စား သံတွဲမြို့နယ် စာရေးဆရာအသင်းဝင် ဦးအောင်လွင် (ခလေး-သံတွဲ)၏ သမီးဖြစ်သူ ခြောက်ဘာသာဂုဏ်ထူးရှင် မပန်ဆုမွန်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

မြန်မာနိုင်ငံ စာရေးဆရာအသင်း၏ အဋ္ဌမအကြိမ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် လေးဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

 mdn