မန္တလေး ၂၃ နိုဝင်ဘာ
အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် လူထုပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့်မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ “ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ (မန္တလေး)”(Youth Intergrity Camp 2/2019 Mandalay)ကို မန္တလေးနည်းပညာတက္ကသိုလ်တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ (၅) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ရာ လူငယ်စခန်းသို့ တက်ရောက်ကြမည့် ဆရာ/ ဆရာမ၊ ကျောင်းသား ကျောင်းသူလူငယ်များသည် တည်းခိုနေထိုင်မည့် မန္တလေးနည်းပညာတက္ကသိုလ်သို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိကြသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ နည်းပညာ အကူအညီဖြင့် ဤစခန်းအစီအစဉ်ကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် ကောလိပ် (၁၂) ခုမှ ဆရာ/ဆရာမ၊ ကျောင်းသား ကျောင်းသူ ၁၂၇ ဦး တက်ရောက်ကြမည်ဖြစ်သည်။
အဆိုပါ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို မန္တလေး နည်းပညာတက္ကသိုလ်တွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး စခန်းဝင်ချိန် (၅) ရက်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ လူငယ်စခန်းတွင် လူငယ်ထုအတွင်း ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ အသိပညာပြန့်ပွားရေးနှင့် အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်မှု၊ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (UNCAC) နှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများကို ပြည်တွင်း/ ပြည်ပ ပညာရှင်များက မန္တလေး ရွှေပြည်သာဟိုတယ် သာရတနာခန်းမတွင်လည်းကောင်း၊ သင်တန်းသားများ တစ်ဦးချင်းနှင့်အဖွဲ့လိုက် လက်တွေ့လှုပ်ရှား ဆောင်ရွက်ခြင်းများကို မန္တလေး နည်းပညာတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် လည်းကောင်း လေ့ကျင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


