နေပြည်တော် ၂၃ နိုဝင်ဘာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦမောင်မောင်ဝင်းသည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပသော တိုကျို ဘဏ္ဍာရေးဆွေးနွေးပွဲ (Tokyo Fiscal Forum) သို့ တက်ရောက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) နှင့် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲသို့ IMF ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး၊ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ဘဏ္ဍာရေးကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ ဖိတ်ကြားထားသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဘဏ္ဍာရေးမူဝါဒ ချမှတ်သူများနှင့် လေ့လာသူများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အဓိကခေါင်းစဉ် (၂)ခုဖြင့် ဆွေးနွေးကြရာ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသုံးစရိတ်များစီမံခန့်ခွဲမှုနှင့် သက်ကြီးရွယ်အိုများ များပြားလာမှုကြောင့် ဘဏ္ဍာရေးမူဝါဒ အပေါ်အကျိုးသက်ရောက်မှုတို့ကို ကျယ်ပြန့်စွာ သုံးသပ်ဆွေးနွေးကြသည်။ ထိုသို့ဆွေးနွေးရာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အုံဆိုင်ရာ ရင်းနှီးမြှုပ်နှံများတွင် အရည်အသွေးပြည့်ဝသော အသုံးစရိတ်များဖြစ်ရေးကိုလည်း နယ်ပယ်အသီးသီးမှ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၂၂ ရက်တွင် ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပါလီမန်ဆိုင်ရာ ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ဆောင်မှုများဆိုင်ရာ ဒုတိယဝန်ကြီးတို့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ ဂျပန်နိုင်ငံမှ အာမခံလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ အရင်းနှီးဈေးကွက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်၊ သီးခြားစီတွေ့ဆုံကာ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
ဒုတိယဝန်ကြီးသည် ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်


